တရုတ်အစိုးရက စစ်အုပ်စုဝင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ဖိတ်ခေါ်နေရာပေးတာကို ကျော်လွှားနိုင်ဖို့ဆိုရင် ဒီမိုကရေစီအင်အားစုတွေက ပြည်တွင်းမှာစစ်နိုင်အောင်တိုက်တဲ့ နည်းလမ်းပဲရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူ ၅ ချက် (ဘန်ဒေါင်းမူ ၅ ချက်) ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကို တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန် တက်ရောက်ခဲ့တာပါ။
ဇွန် ၂၈ ရက် အခမ်းအနားနေ့မှာ တရုတ်သမ္မတရှီကျင့်ဖျင်က ဦးသိန်းစိန်ကို နေရာပေးဆက်ဆံမှု ပြုလုပ်ခဲ့သလို ဇွန် ၂၉ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံပြီးနောက်မှာလည်း ဝမ်ယိက ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကို မိတ်ဆွေဟောင်းနဲ့တွေ့ဆုံမှုလို့ ပြောဆိုသုံးနှုန်းခဲ့ပါတယ်။
တရုတ်အစိုးရက မြန်မာနိုင်ငံတွင်း စီမံကိန်းတွေကို ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတာ၊ ရွေးကောက်ပွဲ ပြန်လုပ်ပြီး ၂၀၀၈ လမ်းကြောင်းပေါ်မြန်မာ့နိုင်ငံရေးကို ပြန်တင်ဖို့ ကြိုးစားနေတာ၊ တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးပွဲတွေ ပေါ်လာဖို့ ကြိုးစားနေတာ၊ အခုနောက်ဆုံး စစ်ကောင်စီကို ကျော်လွန်ပြီး ဦးသိန်းစိန်ကို နေရာပေး ဆက်ဆံနေတာတွေကိုကြည့်ရင် တရုတ်အစိုးရရဲ့ မြန်မာ့အရေးအပေါ် ထားတဲ့ သဘောထားနဲ့ ခြေလှမ်းကို မြင်နိုင်တယ်လို့ ရှေ့မီနောက်မီ နိုင်ငံရေးလေ့လာသူ ဥပဒေပညာရှင် ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“ဦးသိန်းစိန်က သူ့လက်ထက်မှာ မြစ်ဆုံကို လက်မှတ်ထိုးထားတာ၊ သူ လက်မှတ်ထိုးထားတာ။ သူ့လက်ထက်မှာ တရုတ်ကို အများကြီးပေးထားတာလေ။ လက်မှတ်တွေထိုးတာ ကြေးနီစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း ဦးသိန်းစိန်လက်ထက်မှာ အများကြီးထိုးတာ။ အဲဒီတော့ ဦးသိန်းစိန်ကို သူ့အရိုးနဲ့သူ့ပြန်ထိုးပြီးတော့ ကြိုးများပြန်တုပ်ချင်လို့လား အဲဒီလိုလား မသိဘူး။ ကဲ ခင်ဗျား ထိုးထားတာပဲ အဲဒီတုန်းက၊ အဲဒါတွေကို ပြန်ပြီး ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ လုပ်ပါလို့ ကိုင်နိုင်ဖို့လည်း၊ သူ့စီးပွားရေးမဟာဗျူဟာလည်းပါမယ်။ နောက်တခုက သူ မင်းအောင်လှိုင်ကို တော်တော်စိတ်ပျက်နေပြီ။ မင်းအောင်လှိုင်က ရုရှားဘက်ကို ခြေလှမ်းလှမ်းနေတော့။ အဲဒါကြောင့် ဦးသိန်းစိန်ကို ပြန်တင်တဲ့နည်းနဲ့ အကျပ်ကိုင်တယ်လို့ ထင်တယ်။ တရုတ်က မြန်မာပြည်ကိုတော့ လုံးဝလက်မလွှတ်ဘူးနော် လုံးဝ လုံးဝပဲ။ အမေရိကန် ကပ်ဖို့ မကြံနဲ့၊ လုံးဝအပေါ်စီးယူထားတာ။ စစ်ကောင်စီကိုပဲ ထောက်ခံမှာပဲ။ အဲဒီတော့ ဒီမိုကရေစီသမားတွေ နိုင်ချင်လို့ရှိရင် စစ်နိုင်အောင်တိုက်လေ။ EAO တွေ စစ်နိုင်အောင်တိုက်တယ်။ တရုတ်က ဘာမှ မပြောဘူး၊ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရုတ်က ဘာမှပြောမှာမဟုတ်ဘူး ကန့်ကွက်မှာ မဟုတ်ဘူး။"
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေက စစ်ကောင်စီကို အကျပ်ရိုက်စေသလို တရုတ်အစိုးဖြစ်စေချင်တဲ့ တိုက်ပွဲတွေ ရပ်ရေးနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပရေးတို့ဟာလည်း တော်လှန်ရေး အင်အားစုတွေအပေါ်မှာ ဖိအားအဖြစ် သက်ရောက်နေတာပါ။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ဦးသိန်းစိန်လက်ထက်မှာ စစ်တပ် ဦးဆောင်တဲ့ ဒီမိုကရေစီတပိုင်းတစ လမ်းကြောင်းကို လုပ်ခဲ့တယ်လို့ အများက လက်ခံထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတယောက်၊ သူ့ကိုဖိတ်ပြီးတော့ အကျပ်အတည်းတွေ့နေတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို အခက်အခဲဖြစ်စေတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရုတ်နိုင်ငံက ယုံကြည်စိတ်ချခြင်းမရှိဘူးဆိုတာ ပြတယ်လို့လည်း သုံးသပ်နေကြတယ်။ ကျနော်တို့တိုက်တွန်းတာကတော့ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာ ပူးတွဲပြီးနေရမှာ၊ အကြမ်းဖက်စစ်ဝါဒီတွေ ကြီးစိုးနေသရွေ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပြီးတော့ တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေလုံခြုံရေး ဒေသဖွံ့ဖြိုးရေးတွေကို အနှောင့်အယှက်ဖြစ်စေတယ်၊ အကြမ်းဖက်မှုတွေရပ်၊ ကျားဖြန့်လုပ်ငန်းတွေရပ်၊ တိုင်းပြည်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့အခြေအနေက အကြမ်းဖက်စစ်ဝါဒီ စစ်အုပ်စု အမြစ်ပြုတ်ပြီးမှ ပြည်သူ့ဆန္ဒနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ငြိမ်မှုကိုရမယ်ဆိုတာ တရုတ်နိုင်ငံ နားလည်သင့်တယ်။ နားလည်ဖို့လည်းတိုက်တွန်းပြောကြားတယ်။ တရုတ်နိုင်ငံအနေနဲ့က အကြမ်းဖက်စစ်အုပ်စုကိုဘေးဖယ်ပြီးတော့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက်ကို ဆောင်ရွက်ကူညီပေးဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။"
ဇွန်လကုန်ပိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ တကြော့ပြန်တိုက်ပွဲတွေဟာ စစ်ကောင်စီအပေါ်ကြီးမားတဲ့ဖိအားဖြစ်နေပြီး စစ်ကောင်စီက ထွက်ပေါက်အနေနဲ့ တရုတ်အစိုးရနဲ့ ရင်ကြားပြန်စေ့နိုင်ရေးကို ခြေလှမ်းနေရတာလည်းဖြစ်ပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “တရုတ်က သူ့သေနင်္ဂဗျူဟာအမြင်ကိုက ငြိမ်းချမ်းရေးအတွက် ဘာမဆိုဝင်ပြီးတော့ ဖြောင့်မတ်တဲ့ ကြားပွဲစားကြီးဆိုတဲ့ပုံစံမျိုးနဲ့ ကမ္ဘာ့စင်မြင့်မှာ တက်နိုင်အောင် သူက ကြိုးစားနေတာဖြစ်တဲ့အတွက် အစောကြီးကတည်းက ပြောထားပြီးပြီ၊ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို ဝင်ရောက်ကူညီပြီးတော့ ပြီးအောင်လုပ်ပေး ဖို့လိုတယ်။ ဒါမှသာလျှင် မြန်မာပြည်တင်မက အနီးနားပတ်ဝန်းကျင်အတွက်ပါ ကောင်းတယ်ဆိုပြီး သူပြောနေတာကြာပြီ ၂၀၁၅ ကတည်းကပြောနေတာ။ သူကလည်း သူ့ခြေလှမ်းရှိရှိနဲ့ ပြောမှာပဲ။ ကျမတို့ကလည်း ကျမတို့ခြေလှမ်းရှိရှိနဲ့ သွားရမှာပဲ။ စစ်ကောင်စီဘက်ကတော့ တော်တော်အထိနာတယ်လို့ ပြောရမှာပေါ့နော်။ နောက်ပြီးတော့ မြောက်ပိုင်းအဖွဲ့တွေကလည်း သူတို့ကြေညာထားပြီးသားပဲ၊ ပြည်မကြီးရဲ့ တော်လှန်ရေးပြီးဆုံးအောင် ဆက်တိုက်ပေးပါမယ်လို့ ပြောထားတာပဲဗျာ။ ဒါကြောင့်မို့ သူတို့လည်း သူတို့ကတိတော့ တည်မှာပေါ့” လို့ ပြောပါတယ်။
အသက် ၇၉ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ စီစဉ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရပ်သားတပိုင်း နိုင်ငံရေးအကူးအပြောင်းမှာ သမ္မတအဖြစ် ပထမဆုံးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ တရုတ်အစိုးရ လိုချင်တဲ့ မြန်မာနိုင်ငံတွင်း စီမံကိန်းတွေကို လိုက်လျောခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာလွှဲပြောင်းရယူရာမှာလည်း တည်တည်ငြိမ်ငြိမ် လက်ဆင့်ကမ်းခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိစစ်ခေါင်းဆောင်ထက် ပိုတည်ငြိမ်ပြီး သူတို့အလိုကိုလိုက်တဲ့ ဦးသိန်းစိန်ကို ပြန်ဆွဲတင်နိုင်ဖို့ တရုတ်နိုင်ငံကစ ဉ်းစားတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
သုတချမ်းသာ