ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီမီးတောင်ကို ဇူလိုင် ၁ ရက်မှာ အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ပေမဲ့ ခုတကြိမ်ဖွင့်တာက လက်မှတ်ကိုင်ဆောင်သူတွေအတွက်သာ ရည်ရွယ်ထားပါတယ်။
အခုနှစ်ကစပြီး ဖူဂျီတောင်ပေါ်က ယိုရှိဒလမ်းကို နေ့စဉ် ဧည့်သည် အယောက် ၄,၀၀၀ သာ လည်ပတ်နိုင်ဖို့ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။ ဧည့်သည်ဝင်ရောက်မှုကို လမ်းထိပ်မှာ အသစ်တပ်ဆင်ထားတဲ့ ဝင်ပေါက်နဲ့ ထိန်းချုပ်ထားမှာပါ။
ဧည့်သည်တွေက ဝင်ခွင့်ကို ကြိုတင်လျှောက်ထားရမှာဖြစ်ပြီး လူတဦးကို ဂျပန် ယန်းငွေ ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၃) အခကြေးငွေပေးဆောင်မှသာ ဖြတ်သန်းနိုင်မှာပါ။ လူဦးရေ အယောက် ၄,၀၀၀ ပြည့်တာနဲ့ ဂိတ်ကို ပိတ်ထားမှာဖြစ်ပါတယ်။
တောင်တက်သမားတွေဟာ မနက် ၃ နာရီကနေ ညနေ ၄ နာရီအတွင်း လမ်းခရီးကို ဝင်ခွင့်ပေးမယ့် လက်ပတ်တခု ရမှာဖြစ်ပါတယ်။
ဖူဂျီတောင်ထွတ်နဲ့နီးတဲ့ တောင်ပေါ်တဲတွေမှာ နားခွင့်အတွက် ကြိုတင်စာရင်းသွင်းထားသူတွေကတော့ သတ်မှတ်နာရီချိန်ထက်ကို ကျော်လွန် ဖြတ်သန်းနိုင်မှာဖြစ်ပြီး နေ့စဉ် လာရောက်လည်ပတ်သူ ကန့်သတ်ချက်ကို လိုက်နာစရာ မလိုဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဂျပန်နိုင်ငံ အရှေ့ပိုင်းက ယာမနရှိနဲ့ ရှိဇုအိုခ စီရင်စုတွေ ပါဝင်တဲ့ ၃,၇၇၆ မီတာ (၁၂,၃၈၈ ပေ) ရှည်လျားတဲ့ ဖူဂျီမီးတောင်ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေအကြားမှာ အမြဲ ရေပန်းစားနေခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးမီက ဂျပန်နိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်မှု မြင့်တက်လာလို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မြင့်မားလာခဲ့တာပါ။
ကယ်ဖို့လိုတဲ့၊ ပြင်ဆင်မှုနည်းပါးတဲ့ တောင်တက်သမားတွေရဲ့ ထိခိုက်တဲ့ အဖြစ်အပျက်တွေကြောင့် ခုလို ဝင်ရောက်ခွင့် ကန့်သတ်လိုက်ရတာလို့ ဒေသခံ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source-Reuters