ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ ပထမအကျော့မှာ ခန့်မှန်းထားကြတဲ့အတိုင်း လက်ယာစွန်းဝါဒီ နေရှင်နယ်ရယ်လီ (RN) ပါတီဟာ မဲအများဆုံးရခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
စစ်တမ်းကောက်ယူရေးအဖွဲ့ ၄ ခုစလုံးရဲ့ ဖော်ပြချက်အရ ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်တဲ့၊ သဘောထားတင်းမာတဲ့ RN ပါတီဟာ မဲ ၃၄ ရာခိုင်နှုန်းရတယ်လို့ ဆိုပါတယ်။
ဥရောပလွှတ်တော်ရွေးကောက်ပွဲတွေမှာ အရေးမလှခဲ့တာကြောင့် ပြည်တွင်းလွှတ်တော်ရွေးကောက်ပွဲကို ၃ နှစ်စောကျင်းပဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ အီမန်နျူရယ်မက်ခရွန်အတွက် အထိနာစရာရလဒ် ဖြစ်ခဲ့ပါတယ်။
မက်ခရွန်ရဲ့ တူဂဲသား ညွန့်ပေါင်းဟာ ၂၀ ကနေ ၂၃ ရာခိုင်နှုန်းကြား ရမယ်လို့ ခန့်မှန်းပါတယ်။
အရေးပေါ်ဖွဲ့လိုက်ကြတဲ့ လက်ဝဲညီညွတ်ရေးညွန့်ပေါင်းကတော့ မဲ ၂၉ ရာခိုင်နှုန်းလောက် ရခဲ့ပါတယ်။
ဒါပေမဲ့ မာရင်းလာပင်န်းရဲ့ RN ပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့နိုင်၊ မနိုင်ကတော့ ရွေးကောက်ပွဲ ဒုတိယအကျော့က ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ပြင်သစ်ရွေးကောက်ပွဲစနစ်အရ မဲဆန္ဒနယ်တခုမှာ ကိုယ်စားလှယ်တဦးတည်းက မဲထက်ဝက်ကျော်မရရင် မဲအများဆုံးရသူနှစ်ဦးနဲ့ မဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော်သူတွေ ဒုတိယအကျော့ ထပ်ပြိုင်ရပါတယ်။ ထပ်ပြိုင်တဲ့အခေါက်မှာတော့ မဲအများဆုံးရသူက အနိုင်ဖြစ်ပါတယ်။
ဒီစနစ်ကြောင့် တခြားနိုင်ငံတွေမှာ နှစ်ယောက်ပြိုင်ရတဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲတွေနဲ့ မတူဘဲ ၃ ဦးပြိုင်ရတာ များလေ့ရှိပါတယ်။
ဒီလိုအချိန်မှာ ပါတီချင်း ဟော့စ်ထရိတ်ဒင်းလို့ခေါ်တဲ့ အပေးအယူလုပ် ညှိနှိုင်းမှုတွေက အဓိကကျလာပါတယ်။
ဥပမာအားဖြင့် ၃ ဦးပြိုင်ရမယ့် နယ်တခုမှာ မဲအများဆုံးရနိုင်ခြေရှိသူကို ယှဉ်နိုင်ဖို့ ကျန် ၂ ဦး ညှိလိုက်ပြီး တဦးက ဆက်မပြိုင်ဘဲ နောက်ဆုတ်ပေးတာမျိုး ဖြစ်ပါတယ်။
Source-Reuters