မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ဆက်တိုက်မြင့်တက်နေတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့အပါအဝင် မြစ်ဘေးဝဲယာတလျှောက် ရေကြီးရေလျှံနေပါတယ်။
အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းတာအပြင် ပူတာအိုဘက်က ရေခဲတောင်ပြိုမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တာလာတာလို့ မြစ်ကြီးနားမြို့ခံတဦးက ပြောပါတယ်။
“ပူတာအို ရေခဲတောင်ပြို၊ မေခ မလိခဘက်မိုးများလို့ မြစ်ရေတက်၊ ဒီမှာလည်း မိုးက ဆက်တိုက်ပဲ ရွာနေတာပါ။”
မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်လွန်နေပြီး နေ့ခင်းအထိလည်း မြစ်ရေဆက်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မေခ မလိခ မြစ်တွေမှာ မိုးကြီးနေပြီး ထပ်မံရေတိုးနိုင်တဲ့အတွက် ဘေးကင်းလုံခြုံတဲ့ ကုန်းမြင့်နေရာဒေသတွေကို အမြန်ပြောင်းရွှေ့နေထိုင်ကြဖို့လည်း လူမှုကူညီရေးအသင်းတွေက တိုက်တွန်းထားပါတယ်။
ဧရာဝတီ မြစ်ကမ်းဘေးတလျှောက်ရွာတွေဖြစ်တဲ့ မိုင်းနား၊ နောင်ချိန်း၊ အင်ဂန်း၊ နောင်တာလော စစ်ဘေးရှောင်စခန်းတွေလည်း ရေဝင် နစ်မြုပ်နေလို့ အရေးပေါ်ကူညီတွေလိုအပ်နေသလို တချို့ မြို့ပေါ်မှာ ပိတ်မိသူတချို့ရှိနေပါတယ်။
အကူအညီပေးနိုင်ဖို့ လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ ဖုန်းနံပါတ်တွေ ပေးထားပေမဲ့ ဖုန်းလိုင်းမရတဲ့အတွက် အကူအညီလိုအပ်သူတွေလည်း ဆက်သွယ်မှု အခက်အခဲ ဖြစ်နေကြရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားရေးမှူး ဦးစီးဌာနကတော့ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေ၊ စစ်ကိုင်းနဲ့ မြင်းမူမြို့တို့မှာ ၆ ပေကနေ ၁၀ ခန့်။ ပခုက္က၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံနဲ့ ပြည်မြို့တို့မှာ ၁၀ ပေမှ ၁၂ ပေခန့်နဲ့ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ၄ ပေကနေ ၅ ပေခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဇူလိုင် ၁ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက် မိုးပိုရွာမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။