ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စားသောက်ကုန်တွေကို ဖက်နဲ့ထုပ်ပြီး မရောင်းလို့ ဈေးသည် အယောက် ၃၀ ထက်မနည်း ဖမ်းဆီးဒဏ်ရိုက်ခံထားရတယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ စည်ပင်ဝန်ထမ်းတွေက ဇွန် ၃၀ ရက် တရက်တည်း ဖမ်းဆီးဒဏ်ရိုက်တာ ခံရတဲ့ ဈေးသည် အယောက် ၃၀ ထက်မနည်းရှိပြီး တယောက်ကို ငွေကျပ် ၁၅,၀၀၀ အထိ ဒဏ်ရိုက်ခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်မြို့ခံတယောက်က “ဖက်နဲ့ထုပ်မရောင်းတဲ့ဆိုင်ကို ဖမ်းဖို့ ဈေးဝယ်လာတဲ့ ဈေးဝယ်သူတွေရဲ့ လက်တွေကို စည်ပင်ဝန်ထမ်းတွေက စောင့်ကြည့်နေတာ။ တွေ့တာနဲ့ အတင်းလိုက်တာ။ စိတ်ပျက်ဖို့ကောင်းတယ်။ ကျွတ်ကျွတ်အိတ်နဲ့ ဘယ်ဆိုင်ကရောင်းတာလဲ၊ မေးဖမ်းတာ။ လိုက်ပြပေးလို့ပြောတာ။ ပြောတဲ့ဆိုင်ကို သွားဖမ်းတာပဲ။ ရောင်းတဲ့ဆိုင်ကတော့ အနည်းဆုံး ဒဏ်ငွေ ၁၅,၀၀၀ ပဲ။ ဈေးရောင်းတဲ့သူနဲ့ ဝယ်တဲ့သူကိုလည်း ရန်တိုက်ပေးသလိုပဲ။ ဈေးသည်တွေလည်း အခက်အခဲဖြစ်နေပြီ။ စည်ပင်ဝန်ထမ်းတွေက ဈေးအဝင်ပေါက်တွေမှာ အရပ်ဝတ်တွေနဲ့ စောင့်နေတာ” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ ရွှေပြည်သာဈေးကြီးနဲ့ မြို့မဈေးကြီးအပြင် စည်ပင်သာယာကော်မတီက ခွင့်ပြုထားတဲ့ ရပ်ကွက်တွေထဲ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးပေါင်း ၈ ဈေးခန့်ရှိပြီး အဲဒီ ဈေးတွေထဲက ဈေးသည်တွေ ဒဏ်ရိုက်ခံရတယ်လို့ သိရပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပုသိမ်မြို့မှာ တနင်္ဂနွေနေ့နဲ့ ဗုဒ္ဓဟူး အဲဒီ ၂ ရက်ကို အစားအသောက်၊ ကုန်စိမ်းနဲ့ သားငါးတွေကို ဖက်နဲ့ထုပ်ပိုးရောင်းချဖို့ စစ်ကောင်စီက ညွှန်ကြားထားတာ။ မလိုက်နာရင် ဖမ်းဆီး ဒဏ်ငွေရိုက်ခိုင်းတာတဲ့။ ပလတ်စတစ် အသုံးပြုမှု လျော့နည်းစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တားဆီးဖို့ အခုလိုလုပ်နေတာတဲ့” လို့ ပြောပါတယ်။
ပုသိမ်မြို့နယ်မှာ စတင်ဖမ်းဆီးတဲ့ မေလဆန်းပိုင်းက နာရီပိုင်းခန့်သာ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး ဇွန်လအတွင်းမှာတော့ အရင်လတွေကထက် တင်းကျပ်စွာ ဖမ်းဆီးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။