Home
အားကစား
ဂျာမနီနှင့် စပိန် ထိပ်တိုက်တွေ့ အပါအဝင် ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးရသတင်းများ
DVB
·
July 1, 2024

ကွာတားဖိုင်နယ်တွင် ဂျာမနီနှင့် စပိန် ထိပ်တိုက်တွေ့

လက်ရှိကျင်းပနေတဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အိမ်ရှင်ဂျာမနီအသင်းဟာ စပိန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ဂျာမနီနဲ့ စပိန်အသင်းတို့ဟာ အုပ်စုပွဲစဉ် ၃ ပွဲနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တွေ ကစားအပြီးမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ နှစ်သင်းဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေလည်း ဖြစ်ပါတယ်။

ဂျာမနီက ၁၆ သင်းအဆင့်မှာ ဒိန်းမတ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်လာနိုင်ခဲ့သလို စပိန်အသင်းကလည်း ဂျော်ဂျီယာကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။

စပိန်နဲ့ ဂျာမနီအသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို လာမယ့် ဇူလိုင် ၅ ရက်မှာ ယှဉ်ပြိုင်ကစားမှာပါ။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး တဖက်တဂိုးစီ သရေကျခဲ့ပါတယ်။

စပိန်နဲ့ ဂျာမနီတို့ဟာ ဆီမီးဖိုင်နယ်တက်မယ်ဆိုရင်လည်း ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ အသင်းတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဂျာမနီပွဲအတွက် ယုံကြည်မှုရှိဟု စပိန်နည်းပြပြော

ဂျော်ဂျီယာကို အနိုင်ရခဲ့လို့ အိမ်ရှင် ဂျာမနီအသင်းနဲ့ ကစားမယ့်ပွဲအတွက် ယုံကြည်မှုပိုရကြောင်း စပိန်နည်းပြ ဖလူရန်တေးက ပြောပါတယ်။

စပိန်အသင်းဟာ ဂျော်ဂျီယာနဲ့ကစားခဲ့တဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ နောက်က လိုက်ကစားခဲ့ရပေမဲ့ ပွဲအပြီးမှာ  ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာနဲ့ပွဲဟာ စပိန်အသင်းအတွက် ကစားရခက်ခဲ့ပေမဲ့ ကစားပုံကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ ယူရို ကွာတားဖိုင်နယ်မှာ အိမ်ရှင်ဂျာမနီအသင်းနဲ့ ကစားရမှာဖြစ်ပေမဲ့ ယုံကြည်မှုတွေရှိတယ်လို့ ဖလူရန်တေးက ဆိုပါတယ်။

စပယ်လက်တီကို နည်းပြအဖြစ် ဆက်ထားမည်ဟု အီတလီအတည်ပြု

အီတလီအသင်းဟာ ယူရိုပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ နည်းပြ စပယ်လက်တီကို နည်းပြအဖြစ် ဆက်ပြီးထားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားပါတယ်။

လက်ရှိချန်ပီယံ အီတလီအသင်းဟာ ယူရို ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

လက်ရှိနည်းပြ စပယ်လက်တီဟာ ဩဂုတ်လက အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်လို့  သူ့ကို အချိန်ပေးဖို့ အဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့တာပါ။

အီတလီအသင်းဟာ အုပ်စုပွဲမှာ စပိန်ကို ရှုံးခဲ့ပြီး  ခရိုအေးရှားနဲ့ပွဲမှာ နောက်ကျဂိုးနဲ့ နောက်တဆင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲတလျှောက် ခြေစွမ်းမပြနိုင်ဘဲ ဆွစ်ဇာလန်နဲ့ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲမှ ထွက်ခဲ့ရပေမဲ့ ဂျော်ဂျီယာကစားသမားများကို ပရိသတ်များ ဂုဏ်ပြု

ယူရိုပြိုင်ပွဲကနေ ထွက်ခဲ့ရပေမဲ့ ဂျော်ဂျီယာအသင်းကို ပရိသတ်တွေက  ဂုဏ်ပြုခဲ့ပါတယ်။ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ စပိန်အသင်းကို ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ (၄-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျီယာနိုင်ငံဟာ ယူရိုပြိုင်ပွဲဝင် အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံးအသင်းဖြစ်ပြီး ပထမဆုံး ဝင်ပြိုင်ခဲ့တဲ့ အဓိကပြိုင်ပွဲမှာ ၁၆ သင်းအဆင့်အထိ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လူဦးရေ ၃ ဒသမ ၇ သန်းသာရှိတဲ့ ဂျော်ဂျီယာနိုင်ငံအတွက် လက်ရွေးစင်အသင်းရဲ့ ကစားပုံက ဂုဏ်ယူစရာကောင်းတယ်လို့ ပရိသတ်တွေက ယုံကြည်ကြပါတယ်။ ပြီးခဲ့တဲ့ပွဲကို ဂျော်ဂျီယာပရိသတ် ၁၀,၀၀၀ အားပေးခဲ့ကြပါတယ်။

စပိန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဂျော်ဂျီယာပရိသတ်တွေက သူတို့အသင်း နောက်ပြိုင်ပွဲတွေမှာ ခြေစွမ်းပိုပြနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

နောက်ကျဂိုးဖြင့် ကွာတားဖိုင်နယ်သို့ အင်္ဂလန် တက်ရောက်

အင်္ဂလန်အသင်းဟာ နောက်ကျဂိုးနဲ့ စလိုဗက်ကီးယားကို အနိုင်ရပြီး ယူရိုကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ညက ကန်သွားတဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ  စလိုဗက်ကီးယားအသင်းဟာ ၂၅ မိနစ်ကတည်းက ဦးဆောင်အဖွင့်ဂိုးရခဲ့ပြီး အင်္ဂလန်အသင်းက နောက်က လိုက်ကစားခဲ့ရတာပါ။

အင်္ဂလန်အသင်းအတွက် ချေပဂိုးကို ဘယ်လင်ဂမ်က ပွဲပြီးခါနီးကျမှ သွင်းယူခဲ့ပြီး ဟယ်ရီကိန်းက အနိုင်ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ ခြေစွမ်းဟာ အုပ်စုအဆင့်တည်းက ဝေဖန်ခံနေရတာဖြစ်ပြီး စလိုဗက်ကီးယားအသင်းနဲ့ ပွဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။

“နိုင်ငံတကာပြိုင်ပွဲ ရှုံးထွက်အဆင့်တွေမှာ ပွဲပြီးဖို့ စက္ကန့် ၃၀ လောက်လိုတဲ့အချိန် အရာရာကို ပြောင်းလဲနိုင်ပါတယ်။ စလိုဗက်ကီးယားနဲ့ပွဲမှာ ဒီလိုလုပ်နိုင်ခဲ့တဲ့ ခံစားချက်က အရမ်းကြီးကျယ်ပါတယ်” လို့ ဘယ်လင်ဂမ်က ပြောပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013