Home
မြန်မာသတင်း
ဒူးပလာယာခရိုင်အတွင်းရှိ Non CDM ဝန်ထမ်းများ နုတ်ထွက်ရန် KNU သတိပေး
DVB
·
July 1, 2024

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ နုတ်ထွက်တာ၊ ပြောင်းရွှေ့တာနဲ့ ပူးပေါင်းကြတာတွေ ပြုလုပ်ကြဖို့နဲ့ မလုပ်ဆောင်ပါက အရေးယူသွားမယ်လို့ KNU ဗဟိုက ဇွန် ၂၈ ရက်က ထုတ်ပြန်ပါတယ်။

KNU အနေနဲ့ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနတွေက Non CDM ဝန်ထမ်းတွေကို နုတ်ထွက်တာ၊ ပြောင်းရွှေ့တာ ဒါမှမဟုတ် မိမိတို့နဲ့အတူ ပူးပေါင်းကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။

လတ်တလောအနေနဲ့ နာမည်ထွက်နေတဲ့ Non CDM ဝန်ထမ်းတွေကို ခေါ်တွေ့ကာ သဘောထားတွေ မေးမြန်းပြီး စည်းရုံးသွားဖို့ရှိ‌တယ်လို့ တပ်မဟာ ၆ ဒူးပလာယာခရိုင် အမြဲတမ်းကော်မတီဝင်တဦးက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ နာမည်ထွက်နေတဲ့ Non CDM‌ လူပုဂ္ဂိုလ်တွေကို အရင်ဆုံး ခေါ်တွေ့ပြီး စည်းရုံးသွားမယ်။ ကျနော်တို့က တနိုင်ငံလုံး လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အမြန်သွားချင်တာ။ စစ်ကောင်စီက တပ်မဟာ ၆ အတွင်းမှာ သူ့ရဲ့အစွယ်အပါး ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးတွေ ဖော်ဆောင်တာရှိတယ်။ ဥပမာ အခု စစ်စခန်းတွေ မရှိတော့တဲ့ ကျိုက်ဒုံလိုမျိုးမှာတောင် စကစ ဌာနဆိုင်ရာ ဝန်ထမ်းတွေက UG သဘောမျိုး အုပ်ချုပ်ရေးပုံစံတွေ လုပ်‌ဆောင်နေတော့ ကျနော်တို့ အခုဖော်ဆောင်နေတဲ့ KNU အုပ်ချုပ်ရေးကို အနှောင့်အယှက် ဖြစ်တယ်၊ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေတဲ့အတွက် စာထုတ်ခဲ့တာဖြစ်တယ်။”

အခုထုတ်ပြန်ချက်ဟာ အသက်ဝင်သွားပြီးဖြစ်တဲ့အတွက် Non CDM ဝန်ထမ်းတွေကို ခေါ်တွေ့တာ၊ ညှိနှိုင်းဆွေးနွေးတာ၊ သတိပေးတာတွေ တဆင့်ချင်းစီ လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ဆုံးအဆင့်အနေနဲ့ ထုတ်ပြန်ထားတဲ့အတိုင်း အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၆ အမြဲတမ်းကော်မတီဝင်တဦးက “ကျနော်တို့ အုပ်ချုပ်ရေးအရှုပ်တွေ ရှင်းပြီး အခြေအနေ ပြောင်းလဲလာတဲ့အပေါ်မှာ မြို့သိမ်းတိုက်ပွဲတွေ ရှိလာပါမှာ။ Non CDM ဝန်ထမ်းတွေအနေနဲ့ ဖြစ်နိုင်ရင်တော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းစေချင်ပါတယ်။ ကျနော်တို့ဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ ကျန်းမာရေး ပတ်သက်တာတွေမှာလည်း ဝင်ရောက်လုပ်ကိုင်လို့ ရပါတယ်” လို့ ပြောပါတယ်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းမှာရှိတဲ့ ကျုံဒိုး၊ ကော့ကရိတ်၊ ကျိုက်ဒုံ၊ ဝမ်းရေး၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မြဝတီမြို့နယ်တွေမှာ KNU/KNLA နဲ့ စစ်ကောင်စီတပ်‌ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013