နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှုတွေကြောင့် ရန်ကုန်မှာ ထိုင်းနဲ့တရုတ်က တင်သွင်းတဲ့ ပစ္စည်းတချို့ပြတ်လပ်လာတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ဂိတ်တွေမှာ အစစ်အဆေးများတာကြောင့် လမ်းခရီးကြန့်ကြာတာ၊ လမ်းပိတ်ဆို့တာတွေ ဖြစ်နေပြီး မူဆယ်၊ မြဝတီတို့ကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ပို့ဆောင်ဖို့ ခက်ခဲနေတာကြောင့် ကုန်ပစ္စည်းတွေ ပြတ်လပ်လာကာ ဈေးနှုန်းလည်း မြင့်တက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပွဲရုံပိုင်ရှင်တဦးက “ပစ္စည်းတွေ ပြတ်လပ်လာတာက ကားတွေ မရောက်လို့ပါ။ ရောက်လာပြန်တော့ တစီး၊ နှစ်စီးလောက်ဆိုတော့ ကားပေါ်က ချချခြင်းကို ပစ္စည်းက ကုန်တာ။ ကုန်ပို့ရတာ အလျဉ်မမီတဲ့ အခြေအနေတွေကြောင့်ပါ။ နယ်စပ်ကနေလာတဲ့ လမ်းပိုင်းတွေကလည်း တိုက်ပွဲဖြစ်တဲ့နေရာတွေက ရှောင်ကွင်းလာရတာတွေလည်း ရှိတယ်။ မိုးတွင်းဆိုတော့ ရှောင်လမ်းတွေ မကောင်းလို့ သွားလာရခက်ခဲတဲ့ အခြေအနေတွေကြောင့်လည်း ပါတယ်” လို့ ပြောပါတယ်။
ဒီလို ကုန်စည်စီးဆင်းမှု နှောင့်နှေးနေတာကြောင့် ထိုင်းနဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်တာနဲ့ ဈေးနှုန်းကြီးမြင့်လာတာကြောင့် ရန်ကုန်မြို့ခံပြည်သူတွေအနေနဲ့ ငွေကြေးကုန်ကျမှု ပိုများလာပြီး စားသောက်သုံးစွဲတဲ့ ပစ္စည်းထက် တဆင့်နိမ့် အလားသဏ္ဌာန် စားသောက်ကုန်ပစ္စည်းတွေကို သုံးစွဲလာရတယ်လို့ ရန်ကုန်မြို့ခံပြည်သူတွေက ဆိုပါတယ်။
“ကြောင်စာဆို လုံးဝ ဝယ်မရတာ ငါးရက်လောက်ရှိပြီ။ မျက်လုံး ချဉ်စပ်ခေါက်ဆွဲဆိုလည်း ၁၂၀၀၊ ၁၃၀၀ ရောင်းနေကြပြီ။ ခနောတို့၊ အချိုမှုန့်၊ ခေါက်ဆွဲဘူး အကုန်ဈေးတက်တယ်။ ဈေးက အဆမတန်မြင့်လာတော့ အရင်က ယိုးဒယားခေါက်ဆွဲ ချဉ်စပ်စားရင် အခုက ပြည်တွင်းက ထုတ်တဲ့ မားမား ချဉ်စပ်ခေါက်ဆွဲကို ပြောင်းစားရတာမျိုးပေါ့။ ဆေးပစ္စည်းနဲ့ ဆေးဝါးတွေလည်း ဈေးတွေ တဖြည်းဖြည်းတက်လာတာနဲ့ ပစ္စည်းပြတ်လာလို့ ဆေးကြိုဝယ်တဲ့သူတွေ ရှိလာတယ်” လို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ကော့ကရိတ်-မြဝတီ လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ပြီး ကရင်ပြည်နယ် မြဝတီမြို့က ပြည်သူတွေဟာ ထိုင်းနယ်စပ်၊ မဲဆောက်မြို့က စားသောက်ကုန်တွေကို ပြန်လည်ဝယ်ယူနေရတယ်လို့လည်း သိရပါတယ်။
အာဏာသိမ်းပြီး ၃ နှစ်ကျော် ကြာမြင့်လာချိန်မှာ ပြည်ပက တင်သွင်းတဲ့ကုန်ပစ္စည်းတွေအပြင် ပြည်တွင်းထုတ် ဆန်၊ ဆား အပါအဝင် ဟင်းသီးဟင်းရွက်၊ စိုက်ပျိုးသီးနှံတွေနဲ့ သားငါးဈေးနှုန်းတွေကလည်း အဆမတန်မြင့်တက်နေပါတယ်။