ဂျပန်နိုင်ငံက မျိုးဆက်သစ် H3 ဒုံးပျံ အသုံးပြုပြီး သဘာဝဘေးတုံ့ပြန်မှုနဲ့ လုံခြုံရေးအတွက် အဆင့်မြှင့်ထားတဲ့ မြေကမ္ဘာစောင့်ကြည့်ရေးဂြိုဟ်တုကို ဇူလိုင် ၁ ရက်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျွန်းတကျွန်းမှာရှိတဲ့ တာနဲဂါရှီးမား အာကာသစင်တာကနေ မူလစီစဉ်ထားတာထက် ၁၆ မိနစ် နောက်ကျပြီး လွှတ်တင်နိုင်ခဲ့တယ်လို့ ဂျပန်အာကာသစူစမ်းလေ့လာရေးအေဂျင်စီ (JAXA) က ထုတ်ပြန်ပါတယ်။
အဆင့်မြင့် မြေပြင်စောင့်ကြည့်လေ့လာရေးဂြိုဟ်တု (ALOS-4) ကို သဘာဝဘေးတုံ့ပြန်ဖို့နဲ့ မြေပုံထုတ်ဖို့ အချက်အလက်စုဆောင်းရာမှာ အဓိကသုံးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒုံးကျည်လွှတ်တင်မှုတွေလို စစ်ရေးလှုပ်ရှားမှုတွေကိုလည်း အနီအောက်ရောင်ခြည်သုံး အာရုံခံစနစ်နဲ့ စောင့်ကြည့်နိုင်စွမ်းရှိပါတယ်။
ALOS-4 ဟာ လက်ရှိသုံးနေတဲ့ ALOS-2 ထက် ဧရိယာ ပိုကျယ်ကျယ် လေ့လာစောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုလွှတ်ရာမှာ မျိုးဆက်သစ် H3 ဒုံးပျံ အမှတ် ၃ ကို အသုံးပြု လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
မနှစ်က နံပါတ် ၁ H3 ဒုံးပျံနဲ့ ALOS-3 ဂြိုဟ်တုကို လွှတ်တင်ရာမှာ နှစ်ခုစလုံး ပျက်စီးခဲ့ရပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ H3 နံပါတ်၂ ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။
လက်ရှိ အဓိကသုံးနေတဲ့ H-2A ဒုံးပျံတွေေနရာမှာ H3 တွေနဲ့ တဖြည်းဖြည်း အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Source-Reuters