Home
နိုင်ငံတကာ
ဂျိုးဘိုင်ဒင်နေရာ အစားထိုးမည့်သတင်း ထိပ်တန်းဒီမိုကရက်များငြင်း
DVB
·
July 1, 2024
Photo-Reuters

နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နေရာ တခြားတဦး အစားထိုး ယှဉ်ပြိင်ဖို့ဆိုတဲ့ကိစ္စကို ထိပ်တန်းဒီမိုကရက်ပါတီဝင်တွေက ပယ်ချလိုက်ပါတယ်။  

ပြိုင်ဘက် ရီပတ်ဘလီကန်သမ္မတလောင်း ထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲ စွမ်းဆောင်ရည်အရ ဘိုင်ဒင်ဟာ သမ္မတ ဒုတိယသက်တမ်း ထမ်းဆောင်ဖို့ သင့်လျော်တဲ့အခြေအနေ မရှိတဲ့အတွက် အစားထိုးသင့်တယ်လို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ပါတီခေါင်းဆောင်ပိုင်းကတော့ ထရမ့်ပ် တကျော့ပြန်သမ္မတဖြစ်လာရင် ကြုံရမယ့် အကျိုးဆက်တွေကို အာရုံစိုက်ပြီး ဘိုင်ဒင် နိုင်ဖို့ပဲ ဝန်းရံပေးကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့ပိတ်ရက်မှာတော့ ဒေးဗစ်စခန်းမှာ မိသားစုနဲ့အတူ အနားယူနေပါတယ်။

ဘိုင်ဒင် နောက်မဆုတ်ဘဲ ဆက်တိုက်ပွဲဝင်ဖို့ မိသားစုကလည်း တိုက်တွန်းထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

စကားစစ်ထိုးပွဲအပြီးမှာ ဘိုင်ဒင် ထပ်ပြိုင်ဖို့ မသင့်ဘူးလို့ ယူဆတဲ့ ဒီမိုကရက် အရေအတွက်ဟာ ၁၀ ရာခိုင်နှုန်းတောင် တိုးလာပြီး စုစုပေါင်း ၄၆ ရာခိုင်နှုန်းတောင် ရှိလာပါတယ်။

ဒါပေမဲ့ ဘိုင်ဒင်နေရာ အစားဝင်ဖို့ သင့်တော်တယ်လို့ ရေပန်းစားတဲ့ ဂျော်ဂျီယာပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် ရာဖေး ဝါနော့ကတော့ လုံးဝမဖြစ်သင့်ဘူးလို့ ငြင်းပြီး ဘိုင်ဒင်ကိုပဲ ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

အောက်လွှတ်တော် ဒီမိုကရက် လူနည်းစုခေါင်းဆောင် ဟာကင်မ် ဂျက်ဖရီကလည်း ဘိုင်ဒင် အရေးမလှခဲ့ပေမဲ့ တကျော့ပြန်လာဖို့ ခြေလမ်းပြင်တာလို့ပဲ ယူဆကြောင်း ပြောသွားပါတယ်။

ဒဲလ်ဝဲ အထက်လွှတ်တော်အမတ် ခရစ်ကွန်း ကလည်း ရီပတ်ဘလီကန်ဘက်က ထရမ့်ပ်ကို နိုင်နိုင်တဲ့ တဦးတည်းသော ဒီမိုကရက်ဟာ ဘိုင်ဒင်ပဲလို့ ပြောသွားပါတယ်။

ဒါပေမဲ့ တချို့ ဒီမိုကရက်အမတ်တွေကတော့ လူစားထိုးဖို့ဆိုတဲ့ ရွေးချယ်စရာကို ချန်လှပ်မထားသင့်ဘဲ ပြင်ဆင်ထားရမယ်လို့ ပြောနေကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013