တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ သောကြာ၊ စနေ ၂ ရက်ဆက်တိုက် မိုးကြီးအပြီး ရေကြီးနေလို့ အိမ်တွေရေမြုပ်ပြီး လမ်းတွေပိတ်ဆို့နေတဲ့အတွက် ဒေသခံတွေ ပိတ်မိနေခဲ့ပါတယ်။
ကွေ့ကျိုးပြည်နယ်က ချန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြောင်နဲ့ တုံ ရွာတွေဟာ ရေဘေးကြောင့် ထိခိုက်မှုအများဆုံး ခံစားခဲ့ရပါတယ်။
စနေနေ့ မွန်းလွဲပိုင်းမှာ ဒေသဆိုင်ရာ အစိုးရက ရေဘေး အရေးပေါ်တုံ့ပြန်မှု အဆင့် ၂ ကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေးစနစ် ၄ ခုရှိပြီး အဆင့် ၁ က အရေးပေါ်တုံ့ပြန်မှု ဖြစ်ပါတယ်။
ရှီဘင်းမြို့နယ်က ဝူယန်မြစ်ရဲ့ ရေမျက်နှာပြင်ဟာ သတိပေးချက်မျဉ်းရဲ့ အထက် ၀ ဒသမ ၅ မီတာကို ရောက်နေပြီး မြေနိမ့်ပိုင်းဒေသ အများအပြား ရေလွှမ်းခဲ့ပါတယ်။
တောင်ကျရေတွေတက်ခဲ့လို့ လူ ၄ ယောက် ပိတ်မိနေတာကို သတင်းရပြီးတဲ့နောက် ကယ်ဆယ်ရေးသမားတွေက အခင်းဖြစ်ရာနေရာဆီ အမြန်သွားပြီး ဘေးကင်းရာ ပို့ဆောင်ပေးခဲ့ပါတယ်။
စန်းကုန်းမြို့နယ်မှာ ရေကြီးရေလျှံလို့ လူအများအပြား အိမ်တွေထဲမှာ ပိတ်မိနေခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေက အသက်ကယ်လှေတွေနဲ့ အသုတ်လိုက် ကယ်ထုတ်ခဲ့ရပါတယ်။
စွင်းယိမြို့မှာရှိတဲ့ ယိုချွင်မြို့နယ်မှာလည်း မိုးကြီးခဲ့ပါတယ်။ ယိုချွင်မြစ်ရေ မြင့်တက်လာလို့ မြစ်တလျှောက် အဆောက်အဦတချို့ ရေနစ်မြုပ်သွားခဲ့ပါတယ်။
အန္တရာယ်ရှိတဲ့ ဧရိယာတွေ လုံခြုံစေဖို့ ဒေသဆိုင်ရာ လုံခြုံရေးအာဏာပိုင်တွေက အသက်ကယ်ကြိုးတွေ အမြန်တပ်ဆင်ခဲ့ပါတယ်။
မြေပြိုတာတွေကြောင့် လမ်းအများအပြား ပိတ်ဆို့နေလို့ ကျောက်တုံးတွေ သစ်ပင်တွေနဲ့ ရွှံ့တွေကို ရှင်းဖို့ ဒေသန္တရ အာဏာပိုင်တွေက အလုပ်သမားတွေနဲ့ စက်ယန္တရားတွေကို အမြန်စေလွှတ်ခဲ့တဲ့အတွက် လမ်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ခဲ့တယ်လို့ CCTV သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
Source-Reuters