Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ နယ်မြေထက်ဝက်ခန့် အင်တာနက်ဖြတ်တောက်ခံထားရ
DVB
·
July 1, 2024

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ ဧပြီလအထိ ၃ နှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ နယ်မြေ ထက်ဝက်နီးပါးက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၁၆၉ မြို့နယ် ရှိလာပြီဖြစ်တဲ့အတွက် နိုင်ငံရဲ့ ရာခိုင်နှုန်း ၅၀ လောက်က အင်တာနက်ဖြတ် တောက်ခံထားရတာဖြစ်ပြီး ဆက်လက်ပြီး ဖြတ်တောက်ခံနေရတယ်လို့ Athan- အသံအဖွဲ့ရဲ့ဒါရိုက်တာက DVB ကို ပြောပါတယ်။

“တချို့နေရာတွေကတော့ ကျမတို့ သေချာမကြည့်နိုင် မသိဘူးနိုင်ဘူးပေါ့။ ဒါပေမဲ့ အရင် စကတည်းကဟာတွေနဲ့ တွက်ချက်လိုက်မယ်ဆိုရင် ထက်ဝက်နီးလောက်ရှိနေပြီဆိုတာ မြို့နယ်ပေါင်း ၃၃၀ နဲ့ တွက်မယ်ဆိုရင် ထက်ဝက်နီးပါးဆိုတာကို ကျမတို့ မှန်းဆလို့ရတယ်၊ အခုချိန်ထိလည်း ဆက်ပြီး ဖြတ်တောက်ခံနေရဆဲပဲ ဖြစ်တယ်။ ပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ကိုပဲ အင်တာနက်တွေ ဖုန်းလိုင်းတွေ ဆက်သွယ်ရေးတွေ ဖြတ်တောက်တာလည်း ကြုံခဲ့ရဖူးပါတယ်။”

အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရမှုအများဆုံး တိုင်းနဲ့ပြည်နယ် ၄ ခုက  စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ပဲ ဖြစ်ပါတယ်၊ စစ်ကိုင်းတိုင်းက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အများဆုံးဖြတ်တောက်ခံထားရတဲ့တိုင်းပြည်ဖြစ်ပြီး အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အသုံးပြုဖို့ကို ခက်ခဲနေတဲ့အကြောင်းကို စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ပြည်သူတဦးက ပြောပါတယ်။

“ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေက လုံးဝဖြတ်ခံထားရတော့လေ၊ အင်တာနက်ကိုတော့ MPT တို့လို ဆင်းကတ်တွေနဲ့က သုံးလို့အဆင်မပြေလို့ မသုံးကြဘူးပေါ့။ ကျနော်တို့ အနီးတဝိုက် သုံးနေကြတာတော့ starLink ကို မှီခိုပြီးမှ အများဆုံးသုံးကြတယ်။ repeater ရှိတဲ့နေရာမှာပဲ ဖုန်းလိုင်းမိတာတို့၊ တချို့ရွာတွေဆို ဖုန်းလိုင်းမမိဘူး။ ဖုန်းပြောချင်ရင် ရွာပြင်ထွက်ပြောရတာတို့၊ ပြီးတော့ ရွာတွေမှာ ဖုန်းဆိုင်ရှိတယ်၊ အဲဒီဖုန်းဆိုင်မှာ repeater တပ်ထားရင် အဲဒီဆိုင်မှာပဲ ဖုန်းသွားပြောရတာတို့ အဲဒီလိုပုံစံ အနေအထားတွေရှိတယ်။”

အရာတော်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၆ ခုမှာ အင်တာနက်နဲ့ ဖုန်းလိုင်းကို ၂၀၂၁ စက်တင်ဘာလကတည်းက ဖြတ်တောက်ခံထားရတာ ဖြစ်ပါတယ်။  အခုလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာက လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး လူထုကို သတင်းအချက်အလက်အမှန်တွေ မသိစေချင်တဲ့ အသံတိတ်လက်နက်တခု ဖြစ်တယ်လို့  အသံအဖွဲ့ရဲ့ ဒါရိုက်တာက ပြောပါတယ်။

“အင်တာနက်လွတ်လပ်ခွင့်ကလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ထဲက တခုပဲ။ သတင်းအချက်အလက် မှန်မှန်ကန်ကန် စီးဆင်းမှု၊ သတင်းအချက်အလက် ရယူခွင့်တွေကလည်း ကျမတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ထဲမှာ ပါဝင်ပတ်သက်ပြီးသားဖြစ်တယ်ပေါ့။ ဒါ တိတ်တဆိတ် လက်နက်တခုပဲပေါ့။ လူထုက သတင်းအချက်အလက် မစီးဆင်းတော့ဘူး၊ သတင်းအချက်အလက် မရယူနိုင်တော့ဘူးဆိုရင် ဘာမဆိုဖြစ်သွားနိုင်တယ်။ ဒါဟာ ချိုးဖောက်မှုတခုပဲ။ ဒါကြောင့် ကျမတို့က တိတ်တဆိတ် လူသတ် လက်နက်တခုအဖြစ် ယူဆတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ကနဦး အဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ဖွင့်ပေးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

အခုချိန်ထိကတော့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတာက စစ်ကိုင်းတိုင်းထဲမှာ ၃၃ မြို့နယ်နဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၂၈ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၁၈ မြို့နယ်နဲ့ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်တို့ ရှိလာပြီလို့ အသံအဖွဲ့ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။   

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013