တိုက်ပွဲတွေကြောင့် ၃ လကြာ လမ်းပိတ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူး ကားလမ်းမပေါ်က ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် လမ်းမကြီးကို ဇွန် ၃၀ ရက်မှာ စစ်ကောင်စီက ပြန်ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ခါမ်းပါတ်မြို့မှ ဒေသခံအမျိုးသားတဦးက “မနေ့ကပဲ ပြန်ဖွင့်ပေးလိုက်တာ။ ဒိုးဝိုင်းချောင်းဘက်က ဖွင့်ပေးတာ။ ဆည်ကြီးမှာနေတဲ့ စစ်သားတွေက သွားခွင့်ပေးလိုက်တာလေ။ ဒီဘက် ဖောင်ကူးဘက်ကတော့ မဖွင့်ပေးသေးဘူး” လို့ ပြောပါတယ်။
ဧပြီ ၅ ရက်ကစပြီး စစ်ကောင်စီက ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် လမ်းမပေါ်က လက်ပံချောင်းအုပ်စုဘက်ကို စစ်ကြောင်းထိုးရာကနေ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် လမ်းကြောပိတ်ခဲ့တာပါ။
ဒိုးဝိုင်းချောင်းဘက် လမ်းပွင့်သွားတဲ့အတွက် ကလေး-တမူး ကားခတွေနဲ့ ကုန်ပစ္စည်းတန်ဆာခတွေ ထက်ဝက်မက လျော့ကျသွားနိုင်တယ်လို့ တမူးမြို့ခံတဦးက ပြောပါတယ်။
“ကုန်ဈေးနှုန်းတွေနဲ့ တန်ဆာခတွေကတော့ ထက်ဝက်မက လျော့သွားမှာပါ။ အရင်လမ်းပိတ်တုန်းက ကလေးကနေ တီးတိန်ဘက်တက်ပြီး တီးတိန်ကနေတဆင့် တမူးဘက်ရောက်အောင် ကွင်းသွားကြရတော့ ခရီးသည်တယောက်ကို ၃ သိန်းအထိ ပေးခဲ့ရတာ။ အခုက ဒိုးဝိုင်းချောင်းလည်းပွင့်ပြီ၊ ခါမ်းပါတ်-တမူးလည်း ပွင့်ပြီဆိုတော့ ကားခတွေ ကျသွားမှာ။”
လက်ရှိမှာတော့ မိုင် ၈၀ ကျော်ကွာဝေးနဲ့ ကလေးမြို့နဲ့ တမူးမြို့ကို မြေပြန့်လမ်းအတိုင်း ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် လမ်းမကြီးကနေ တိုက်ရိုက်ပွင့်သွားပေမဲ့ ကလေး-ခါမ်းပါတ် လမ်းကိုတော့ စစ်ကောင်စီက စခန်းကြီးရွာကနေ ခါမ်းပါတ်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။