Home
မြန်မာသတင်း
မတ္တရာလေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြန်သိမ်းရန် စစ်ကောင်စီ ကြိုးစား၊ ကောလင်း စစ်ရှောင်များ အကူအညီလိုအပ်
DVB
·
July 1, 2024

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၂၆ ရက်မှာ သိမ်းယူခဲ့တဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြန်သိမ်းဖို့ စစ်ကောင်စီက ဆက်တိုက်ကြိုးစားနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းယူရာမှာ လေကြောင်းပစ်လက်နက်တွေနဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက မြေပြင်စစ်ကြောင်း အသုံးပြုပြီး တပ်စခန်းကို ပြန်သိမ်းဖို့ ကြိုးစားခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ် ပြုလုပ်နေတယ်လို့ မတ္တရာ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။ 

မတ္တရာမြို့နယ်ဟာ စစ်ကိုင်းနဲ့ မန္တလေးနယ်စပ်မှာရှိပြီး တဖက်မှာ ပြင်ဦးလွင်မြို့နယ်နဲ့ ထိစပ်နေတာကြောင့် ပထဝီစစ်ရေးအရ အရေးပါတဲ့ဒေသဖြစ်ပါတယ်။ ဇွန် ၂၅ ရက်မှာ ရှမ်းပြည်မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးဆင်လာတာနဲ့ တပြိုင်တည်းမှာ မန္တလေးဒေသခံ PDF တွေက မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက “ရည်မှန်းချက်က ဘာလဲဆိုလို့ရှိရင် မန္တလေးတိုင်းအတွင်းမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူ့တော်လှန်ရေးတပ်တွေ လုံးဝခြေကုပ်ယူ နယ်မြေစိုးမိုးထားနိုင်ဖို့ပဲ။ သူတို့ လေကြောင်းကာကွယ်ရေးတပ်မှာရှိတဲ့ လေကြောင်းပစ်တဲ့ လက်နက်တွေ ရတယ်။ စစ်လက်နက်ခဲယမ်းနဲ့ ပတ်သက်တာတွေ အကုန်လုံး သိမ်းဆည်းရမိတယ်ပေါ့။ စကစ လော်ဘီ Page တွေမှာလည်း သူတို့ပြောနေတဲ့ လူ ၇၀ လောက် ဆက်သွယ်လို့မရဘူး ပျောက်နေတယ်၊ ဘာညာဆိုတာ တကယ်တမ်းက မြေပြင်မှာ ၇၀ မကပါဘူး။ တကယ်တမ်းအရေအတွက်အားဖြင့်ဆို ၁၀၀ ကျော်ပါတယ်။ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြန်လည်ရရှိဖို့အတွက် မြေပြင်ကလည်းပဲ အင်အားများစွာနဲ့ ထိုးတာရှိတယ်၊ ဒါပေမဲ့ အကြိမ်ကြိမ် လန်ကျပါတယ်။ အင်ကြင်းမြိုင် အဲဒီနားမှာရှိတဲ့ စလေရွာ၊ ဆည်တော်လေး၊ အနောက်မြောက်ဘက်ဆိုရင် ဗျည်းပုံရွာပေါ့နော်၊ အဲ့ဒီခွင်တခွင်လုံးကို ပြန်လည်ရရှိရေးအတွက်ဆိုပြီး လေကြောင်းကလည်း အကြိမ်ကြိမ်လာတယ်။ လေကြောင်းရန်ကာကွယ်ရေး ၁၀၁၄ ပေါ့နော် မတ္တရာမြို့နယ်တခုလုံးမှာ ရှိတဲ့စစ်တပ်သည် စကစတပ်သည် ဒီတတပ်ပဲရှိတယ်။ မတ္တရာမြို့နယ်ထဲမှာရှိတဲ့ တတပ်တည်းသောတပ်ဟာ အခုလုံးဝဆုံးရှုံးသွားပြီ။ စကစက ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းနေဆဲဖြစ်တဲ့အတွက် စစ်ရေးကတော့ တင်းမာနေဆဲပါပဲဗျာ။"

ဖေဖော်ဝါရီလထဲမှာ PDF တွေလက်ထဲကနေ စစ်ကောင်စီပြန်သိမ်းယူခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ခံပြည်သူတွေကတော့ စစ်ရှောင်ကာလ ၅ လကျော် ၆ လထဲ ရောက်လာပြီဖြစ်တဲ့အတွက် စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက် မြင့်မားနေပါတယ်။

ကောလင်းမြို့ခံတဦးက “စားစရာဆိုတာလည်း မပြည့်စုံဘူး၊ ကျမတို့ဆီကကျတော့ အဝေအတန်းကလည်း မရောက်ဘူး။ ခြင်ထောင်လေးလည်း လိုအပ်တယ်၊ ခြင်ထောင်လေးတွေကလည်း ပါတဲ့သူ ပါတယ်၊ မပါတဲ့သူ မပါဘူး။ ရေကလည်းအဆင်မပြေဘူး ရေကလည်း မပြည့်စုံဘူး။ အိမ်သာလေးတွေလည်း လိုတယ် တောကြားထဲ တက်နေရတာ။ ကျမတို့က ဘာမှမရှိပါဘူး။ စစ်ရှောင်ခဲ့ရတာလည်း ၅ လပြည့်လို့ ၆ လထဲရောက်ခဲ့ပြီ။ အဲဒီတော့ အခက်အခဲတွေကတော့ အများကြီးပဲ။ နေရထိုင်ရတာရော၊ စားမှုသောက်ရာရော၊ ကျန်းမာရေးရော အားလုံးအခက်အခဲ ဖြစ်ပါတယ်။ ဆေးတွေ ဝယ်ရတယ်၊ ဆေးတချောင်းထိုးရင် အခု အဆမတန်ပေးနေရတယ် သောင်းကျော်ပေးနေရတယ်။ အဲဒီတော့ ဆေးဝါးလည်း အခက်အခဲဖြစ်ပါတယ်။ မီးထဲပါသွားတယ်ဆိုတော့ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာခဲ့ကြရတော့ ဝတ်ရေးခြုံထည်ကအစ အဝတ်အထည်ကအစ အခက်အခဲဖြစ်ပါတယ်။”

ကောလင်းမြို့ကို ၂၀၂၃ နိုဝင်ဘာ ၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပေမဲ့ စစ်ကောင်စီက အင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့် မြို့ကို ပြန်လက်လွှတ်ခဲ့ရတာပါ။ 

စစ်ကိုင်း၊ မကွေး၊ မန္တလေး မြန်မာပြည်အလယ်ပိုင်းဒေသမှာ စစ်ဘေးမီးဘေးသင့်ပြည်သူ သန်းနဲ့ချီ ရှိနေပေမယ့် နိုင်ငံတကာရဲ့ လူသားစာနာအကူအညီတွေလက်ခံရယူဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

မြေပြင်အခြေအနေတွေအရ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ဆိုရင် စစ်ရေးအသာစီးရယူနိုင်ဖို့ အဓိကလိုအပ်နေတာဖြစ်တဲ့အတွက် PDF တွေက ထိုးစစ်ဆင်တိုက်ခိုက်ရေးကို ဦးစားပေး ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013