ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် သီပေါမြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ စစ်ပွဲနဲ့လွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပေမဲ့ စစ်ကောင်စီတပ်ကတော့ ဒေသခံပြည်သူတွေ မြို့ကို စွန့်ခွာသွားလို့မရအောင် ပိတ်ဆို့ထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်စတင်လာခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိလာပါတယ်။
ဒီစစ်ဆင်ရေးရဲ့ စစ်အရှိန်ဟာ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက်ကြောင့် စစ်ဆင်ရေးနယ်မြေ အတွင်းထဲမှာရှိနေတဲ့ မြို့နယ်တွေက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ပြေးကြသလို တိုက်ပွဲမဖြစ်သေးတဲ့ သီပေါမြို့နယ်က ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း မြို့ကစွန့်ခွာပြီး ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။
အခုပြန်လည်စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျနေတဲ့ လားရှိုးမြို့ကို သိမ်းပိုက်လာနိုင်တယ်လို့ စစ်ကောင်စီဘက်က တွက်ချက်ထားပြီး လားရှိုးမြို့ကို ဝင်လာနိုင်တဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားပါတယ်။
တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြမယ့် သီပေါမြို့နေပြည်သူတွေကိုလည်း မြို့ကို စွန့်ခွာပြီး ထွက်သွားလို့မရအောင် ပိတ်ဆို့မှုတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်လာတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ချုပ်ဆိုထားတဲ့ ဟိုင်ဂင်သဘောတူညီမှုကို စစ်ကောင်စီဘက်က ချိုးဖောက်ပြီး TNLA ရဲ့ တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ဖြစ်ပေါ်လာခဲ့တာပါ။
လက်ရှိမှာတော့ TNLA တပ်မဟာ ၂ ရှိတဲ့ မိုးကုတ်မြို့ နောင်ချိုနဲ့ တပ်မဟာ ၃ ရှိတဲ့ မိုးမိတ်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ လက်နက် ခဲယမ်းအများအပြားကို TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။
အောင်သူ