Home
မြန်မာသတင်း
ရိုဟင်ဂျာ စစ်ဘေးရှောင်အချို့ နေရပ်ပြန်ခွင့်ရ၊ ဆန်အပါအဝင် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်ကြုံ
DVB
·
July 1, 2024

မောင်တောမြို့မှာ စစ်ပွဲတွေ ငြိမ်သက်နေပြီး ရိုဟင်ဂျာ စစ်ဘေးရှောင်တချို့ ကိုယ့်ဒေသကို ပြန်နေခွင့်ရပေမဲ့  ဆန်တအိတ် ၃ သိန်းခွဲကနေ ၅ သိန်းအထိ ဈေးတက်နေတာကြောင့် ဒုက္ခရောက်နေကြပါတယ်။

မောင်တောမြို့မှာ စစ်ပွဲ ခေတ္တရပ်တန့်သွားပြီးတဲ့နောက် အာရက္ခတပ်တော် (AA) က တချို့ဒေသခံ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခွင့်ပြုလိုက်ပါတယ်။

မောင်တောဒေသမှာ မိုးက နေ့စဥ်နီးပါးရွာနေပြီး အခြေခံစားသောက်ကုန်ဈေးက မနက်တမျိုး ညနေတမျိုး တက်နေကာ ဆန်တအိတ်ကို ၃ သိန်းခွဲကနေ ၅ သိန်း၊ ငါးတပိသာကို ၈၀,၀၀၀ ကျပ်၊ ဆားအုန်းဆီ တလီတာကို ၃ သောင်းကျော်၊ သကြားတပိသာကို ၂၅,၀၀၀၊ ကြက်သွန်ဖြူ တပိဿာကို ၃၀,၀၀၀၊ ကော်ဖီမစ် တပါကင်ကို ၃၅,၀၀၀ စသဖြင့် ဈေးတွေ တက်နေပါတယ်။

လောင်စာဆီနဲ့ ဆေး၀ါးကတော့ ၀ယ်လို့မရတော့တာကြောင့် လတ်တလော စုပြုံနေရတဲ့ မိသားစုတစု တနေ့စားဖို့ တသိန်းခွဲအထိ ကုန်ကျနေတာကြောင့် ရိုဟင်ဂျာတွေ ဒုက္ခရောက်နေကြတယ်လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။ 

“အခြေအနေက တော်တော်လေးဆိုးနေတာ၊ မိုးကလည်း တော်တော်ဆိုးတယ်။ မိသားစု ၁၀ စု၊ ၁၅ စုလောက် စုနေကြရတော့ တော်တော်လေး ဆိုးတယ်။ ကုန်ဈေးနှုန်းကလည်း တော်တော်လေးကို တက်နေတာ။ မြို့ပေါ်မှာလာပြီး ခိုလှုံနေသူတွေဆို ထမင်းတနပ်စားဖို့တောင် အနိုင်နိုင် ဖြစ်နေတာ၊ တတ်နိုင်တဲ့သူတွေတောင် ၀ယ်ချင်တိုင်း ၀ယ်မရတော့ဘူး။”

စစ်ဘေးရှောင် ရိုဟင်ဂျာတဦးကလည်း “AA က ရိုဟင်ဂျာစစ်ဘေးရှောင်တွေကို ဆန်‌ဝေတာတော့ ရှိပါတယ်။ မောင်တောမြောက်ဘက် မင်္ဂလာကြီးဆိုတဲ့ AA ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင် ရိုဟင်ဂျာတွေကိုလည်း ဆန်တအိတ်ဆီလှူတယ်။ ဆီကတော့ စကစ ကော၊ AA ကကောပါ အရင်ကတည်းက သိမ်းထားတော့ ဆီက ၀ယ်လို့မရတော့ဘူး။ လူတွေလည်း တနေရာကနေ တနေရာကို သွားမယ်ဆိုရင် ခြေလျင်ပဲလျှောက်ရတယ်။ ကားတွေဘာတွေလည်း ဘယ်သူမှ မသုံးနိုင်တော့ဘူး။ ဆိုင်ကယ်ကတော့ အရင်ကတည်းက ဆီကြို၀ယ်ထားသူတချို့တလေပဲ စီးကြတော့တာ။ ဆိုင်တွေမှာ ဆေး၀ါးကလည်း ၀ယ်မရတော့ဘူး။ ဘယ်မှာမှ ဆေးခန်းသွားပြလို့ မရဘူး။ လက်နက်ကြီးထိတာ၊ သေနတ်ဒဏ်ရာရတာတွေဆို ပတ်တီးစည်းပြီး အရင်ကဆိုရင်တော့ ဘင်္ဂလားဘက်ကို စက်လှေငှားပြီး သွားကုကြတာ၊ အခုကတော့ စက်လှေတွေ့တာနဲ့ တန်းပစ်တော့တာပဲ။” 

လတ်တလောမှာတော့ မောင်တော မြို့ပေါ် ရပ်ကွက် ၅၊ ၆၊ ၇ အလယ်ကြောင်းရွာနဲ့ မောင်တော မြောက်ပိုင်းက ကျေးရွာတွေ စုစုပေါင်း ၁၅ ရွာခန့်ကိုတော့ AA က နေရပ်ပြန်ခွင့်ပေးထားပေမဲ့ ပြန်လာတဲ့ ရိုဟင်ဂျာတွေကို ခေါ်ယူစစ်ဆေးတာတွေရှိတဲ့အတွက်  တချို့ကတော့ မပြန်ရဲကြဘူးလို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“ရွာတွေ ၁၅ ရွာလောက်ရှိမယ်၊ ခန့်မှန်းချေပေါ့ ပြန်နေခွင့်ပေးတယ်။ တောင်ဘက်မှာတော့ ရွာတွေသိပ်မရှိပါဘူး။ မြောက်ဘက်မှာတော့ ကိုယ်နေရာကိုယ် ပြန်ခွင့်ပေးလိုက်ပြီ။ ပြန်နေခွင့်ပေးပေမဲ့ ရွာတွေမှာ တာ၀န်ချထားတဲ့ AA အဖွဲ့တွေက ပြန်ရောက်လာတဲ့သူတွေကို ပြန်ပြီးခေါ်တယ်၊ ခေါ်ပြီး ၁၁ ယောက်လောက်ကို ဖမ်းပြီး ခေါ်သွားတော့ မိဘတွေက တချို့မပြန်ရဲကြဘူး။”

မောင်တောမြိုနယ် ကို AA က ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့မတိုင်မီကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး အခုဆိုရင် မောင်တောမြို့နယ်ထဲက စစ်ကောင်စီစခန်းအနေနဲ့  မြို့သူကြီး၊ ၄ မိုင် (နခခ-၂) နဲ့ ရွှေဇားဘက်က ကင်းစခန်းတချို့ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

လတ်တလော ရခိုင်ပြည်နယ်ကို စစ်ကောင်စီက ဆန်၊ ဆီအပါအ၀င် အခြေခံအစားအသောက်နဲ့ ဆေး၀ါးတွေ တင်သွင်းခွင့် ပိတ်ထားသလို တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေလည်း တင်သွင်းခွင့် ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်မားနေပြီး ကုန်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013