မွန်ပြည်နယ်အတွင်း မြို့နယ်အကုန်လုံးနီးပါးမှာ ဇွန်လအစောပိုင်းကစပြီး ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားလာပြီး ပေါ့ဆလို့မရဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ ဇွန်လအစောပိုင်းကစပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ပျမ်းမျှအနေနဲ့ ၁၀၀၀ ကျော်လောက် ဖြစ်ပွားနေပြီး အများဆုံးမှာ မော်လမြိုင်၊ ကျိုက်ထို၊ ချောင်းဆုံမြို့နယ်တွေက ဖြစ်တယ်လို့ ကျိုက်ထိုမြို့ရှိကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
“စာရင်းအတိအကျတော့ မသိရသေးရပေမဲ့ ခန့်မှန်းကတော့ ၁၀၀၀ လောက်ရှိတယ်။ အများဆုံးကတော့ ကလေးတွေကြီးပဲ။ ကျိုက်ထိုမြို့မှာ ကလေးတွေကြီးပဲ ၁၀၀ လောက် သွေးလွန်တုပ်ကွေး ဖြစ်နေတာ။ အဲ့တာတောင် ဆေးရုံတက်တဲ့ကလေးတွေနဲ့ လက်လှမ်းမီသလောက် စာရင်းပဲရှိတာ။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာလည်း ဖြစ်ပွားတာရှိတယ်။ ချောင်းဆုံမှာလည်း တနေ့ ကလေး ၂၀ လောက် သွေးလွန်တုပ်ကွေးဖြစ်နေတာ” လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါအတွက် ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ ဆေးမရှိသေးတာကြောင့် အသက် ၅ လမှ ၉ နှစ်အတွင်း ကလေးငယ်တွေ ဖျားနာပါက မပေါ့ဆဘဲ ဂရုတစိုက် စောင့်ကြည့်ဖို့ လိုတယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။
“ကလေးတွေဖျားလာပြီဆိုရင် မပေါ့ဆဘဲနဲ့ သေချာဂရုတစိုက်နဲ့ စောင့်ကြည့်ရပါမယ်။ ဖျားနာပြီး လေးရက်မြောက်နေ့နဲ့ ခုနစ်ရက်မြောက်နေ့တွေမှာ သွေးလွန်တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေ ပေါ်လာလို့ရှိရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး ခေါ်ဆောင်သွားပြီးတော့ ကုသမှုကို စနစ်တကျ ခံယူရပါမယ်။ အဲ့လိုကုသမယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဖြစ်ပွားနိုင်တဲ့ အသက်အန္တရာယ်စိုးရိမ်ရမှုကို ကာကွယ်နိုင်မှာပါ။”
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးဖို့အတွက် ကျန်းမာရေးဌာနတို့မှ ဝန်ထမ်းတွေက ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ခြင်ဆေးဖြန်းတာ၊ ဖုံး၊ သွန်၊ လဲစစ်လုပ်ငန်းတွေနဲ့ အဘိဒ်ဆေးထည့်တာတွေ လုပ်ပေးပေမဲ့ နေအိမ်တွေကို လာရောက်လုပ်ပေးတာတွေမရှိဘူးလို့ ကျိုက်ထိုမြို့နယ်ရှိ အမျိုးသမီးတဦးက ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ ရုတ်တရက်ဖျားနာတာ၊ မှိန်တာ၊ ခြေဖျားလက်ဖျား အေးစက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ မျက်စိအောင့်တာ၊ အန်တာ၊ အနီစက်တွေထွက်တာ စတဲ့လက္ခဏာတွေပြပြီး အဆိုပါလက္ခဏာတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ပြသပြီး ဆေးရုံ၊ ဆေးခန်း သွားရောက်ကုသမှုခံယူသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။
မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါကို ၁၉၇၀ ပြည့်နှစ်လွန်မှ မော်လမြိုင်မြို့မှာ စတင်ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာရှိတဲ့ မှတ်တမ်းများအရ သိရပါတယ်။