Home
မြန်မာသတင်း
တော်လှန်ရေးတပ်များ မင်းတပ်မြို့သိမ်းတိုက်ပွဲ ပြင်ဆင်နေချိန် စစ်တပ်က လေကြောင်းမှ ဗုံးကြဲ
DVB
·
September 2, 2024

မင်းတပ်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတာ၊ ရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့မှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေပြီး မင်းတပ်မြို့ပေါ်က ခလရ-၂၇၄ ကို ရိက္ခာဖြတ်ထားတာ ၈ လဝန်းကျင် ကြာမြင့်လာပါပြီ။

ဒါကြောင့်ပဲ စစ်ကောင်စီတပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းလို့ ယူဆရတဲ့ အထုပ်တွေကို လေကြောင်းကနေ ချပေးနေပြီး မြို့နယ်ထဲ CDF တွေ ရှိမယ်ထင်တဲ့ နေရာတွေကိုလည်း နေ့တိုင်း ဗုံးကြဲနေကြောင်း သိရပါတယ်။

တဖက်မှာလည်း စစ်တပ်က လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ CDF-Mindat က ဩဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မင်းတပ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမန်က “အဓိကတော့ ကျနော်တို့က မြို့သိမ်းတိုက်ပွဲ ပြင်ဆင်နေတယ်။ ခြေသံလုံလုံနဲ့ ပြင်ဆင်နေတာကို စကစက သိတယ်။ သူက လက်ဦးမှုရယူတဲ့ သဘောမျိုးနဲ့ပေါ့နော် လိုက်ကြဲတယ်။ ကျနော်တို့လူတွေ ရှိနိုင်တဲ့နေရာတွေ၊ အမိန့်ပေးတဲ့နေရာတွေ၊ ဟိုနေရာ၊ ဒီနေရာ လိုက်ဗုံးကြဲပြီးတော့မှ စစ်ဦးကျိုးအောင်လုပ်ချင်တဲ့ သဘောမျိုးပါ။ ဆိုတော့ ဒီဘက်ကတော့ ခြေသံလုံလုံနဲ့ သွားနေတယ်။ စစ်ချီတက်နေတဲ့ သဘောမျိုးပဲဗျ။ ပေါင် ၅၀၀ ဗုံးတွေပေါ့နော်၊ အဲဒါမျိုးတွေက ပေါင် ၅၀၀ ဗုံးတွေ ဘာတွေ အကုန်လုံး တွက်လိုက်မယ်ဆိုရင်တော့ ၃၀ နဲ့ ၅၀ ကြားလောက်ရှိမယ်။ ဗုံးကြဲတာက‌တော့ အရေအတွက်က ၂ စီးနဲ့ လာလာကြဲတာပေါ့နော်။ မနက် ၃ နာရီဝန်းကျင်လောက်ဆို အမြဲတမ်း လာကြဲတာတွေ့ရတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်တွေက မြို့ပြင်ကို ထိန်းချုပ်ထားသလို မြို့ထဲဝင်မယ့် ရိက္ခာတွေကို ထိန်းချုပ်ထားပြီး စစ်တပ်က ခလရ-၂၇၄ တပ်အပြင် မြို့ထဲက စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦနဲ့ ဆေးရုံလိုမျိုးနေရာတချို့မှာပါ တပ်စွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း  မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ခန့်မှန်းခြေ လူဦးရေ ၁၀,၀၀၀ ကျော်ရှိတဲ့ မင်းတပ်မြို့ပေါ်က ဒေသခံ ၉၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်သွားကြပါပြီ။

မင်းတပ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်ရှောင်ရသူတွေရှိခဲ့ပြီး အခုတခါ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ၂၀၂၃ ခု မေလလောက်ကစလို့ နောက်ထပ် စစ်ရှောင်နေကြရတာပါ။

မင်းတပ်မြို့နယ် စစ်ရှောင်ကူညီရေးကော်မတီ တာဝန်ရှိသူတယောက်က “၂ ခုလုံး ပေါင်းလိုက်ရင်‌တော့ မင်းတပ်စစ်ဘေးရှောင်က မင်းတပ်မြို့နယ်အတွင်းမှာ ၁၅,၀၀၀ လောက် ရှိပါတယ်ဗျ။ နောက်ပြီး တခု မင်းတပ်မြို့ပေါ်က ၉၀ ရာခိုင်နှုန်းလောက်က မင်းတပ်မြို့ပေါ်မှာ မရှိတော့ဘူး။ ပြီးတော့မှ မင်းတပ်မြို့နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေ၊ မင်းတပ်မြို့နဲ့ နီးကပ်တဲ့ ကျေးရွာတွေလည်း ရှိတယ်ဗျ။ အဲဒီကျေးရွာက လူတွေလည်း ပြေးရခတ်ရနဲ့ အကုန်လုံး အိမ်တွေကိုထားပြီးတော့မှ တခြားနေရာမှာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ရှောင်တွေအပြင် တခြားမြို့ရွာနဲ့ နိုင်ငံရပ်ခြားကို ထွက်သွားကြသူတွေလည်း ရှိနေပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ပြီးမှသာ နေရပ်ပြန်လို့ရမယ့် အခြေအနေ ဖြစ်တယ်လို့ မင်းတပ်မြို့ခံတယောက်က DVB ကို ပြောပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ စစ်တပ်က ဗုံးလိုက်ကြဲလေ့ရှိလို့ စစ်ရှောင်စခန်းတွေ မရှိတဲ့အပြင် ရွာတွေထဲမှာလည်း မနေရဲဘဲ နီးစပ်ရာ တော၊ တောင်နဲ့ ယာတဲတွေမှာ တကွဲတပြား သွားနေကြရပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရကြတဲ့အပြင် စားဝတ်နေရေးပါ ခက်ခဲနေကြပြီလို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ပထမ ၆ လတာထဲမှာတော့ စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၈၆ ကြိမ် လုပ်ခဲ့တာကြောင့် အရပ်သား ၁၄ ယောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မင်းတပ် CDF က ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013