အရပ်သားတွေအပေါ် စစ်ရေးအရ တိုက်ခိုက်မှုအတွက် အထူးသဖြင့် မြန်မာစစ်တပ်ကို ရှုတ်ချဖို့၊ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းဖို့နဲ့ တရားမဝင် လက်နက်လွှဲပြောင်းရယူတာတွေ ရပ်တန့်ဖို့ ဗြိတိန်က အဆိုပြု ဖြန့်ဝေထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုတွေ တိုးလာနေတဲ့အတွက် သတိပေးချက်ဖြစ်သလို စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့အတွက် စိုးရိမ်စရာဖြစ်ကြောင်း AP သတင်းဌာနက ရရှိထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာနေတဲ့ နိုင်ငံထဲမှာ “ဘေးကင်း၊ လျင်မြန်ပြီး အဟန့်အတားကင်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်” ကိုလည်း တောင်းဆိုထားတာပါ။
လက်ရှိအခြေအနေမှာတော့ ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးလှုံ့ဆော်တဲ့ အကြမ်းဖက်မှု၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပဋိပက္ခဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာစေမယ့် အလားအလာ ရှိကြောင်းလည်း သတိပေးထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ စစ်အုပ်စုဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားတဲ့ လူထုကြီးနဲ့ အတိုက်အခံတွေကို ရင်ဆိုင်နေရပြီးတော့ အခုလပိုင်းတွေအတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေကြား နယ်မြေအနှံ့အပြားကို သိမ်းပိုက်ထားတဲ့ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းမှာတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေ ပယ်ချထားတဲ့ အာဆီယံရဲ့ အဓိကအခန်းကဏ္ဍကို အလေးပေး ဖော်ပြထားသလို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ အာဆီယံသံတမန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သက်ဆိုင်တဲ့ အစုအဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပေမဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် လုံခြုံရေးကောင်စီရဲ့ စေ့စပ်ညှိနှိုင်းမှုက ခက်ခဲမယ်လို့ မျှော်လင့်ရကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီမှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပထမဆုံး မဲခွဲ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယ ကြားနေမဲ ၃ မဲ၊ ထောက်ခံမဲ ၁၂-၀ နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
ခုလတ်တလော အဆိုပြုထားတဲ့ မူကြမ်းအရ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် “နိုင်ထက်စီးနင်း ဖမ်းဆီးထားတဲ့” အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီအဖွဲ့အစည်းတွေ ပြန်လည်ထူထောင်ဖို့ စစ်အာဏာရှင်တွေကို တိုက်တွန်းထားတာပါ။
ဒါ့အပြင် အတိုက်အခံပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို ဆက်လက်လုပ်ဆောင်ဖို့လည်း တောင်းဆိုခဲ့ပြီး နှစ်ဖက်စလုံးက “လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်ခွင့်တွေနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားကြဖို့” တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Source: AP