စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၅,၆၀၀ ကျော်ရှိပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး စုစုပေါင်း ၁,၁၀၀ ကျော်ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
“နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ” အမည်နဲ့ စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုနှစ် ဩဂုတ် ၂၁ ရက် အထိ ရရှိခဲ့တဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အရေအတွက်တွေဟာ ရာခိုင်နှုန်းအားဖြင့် အမျိုးသမီးအဖမ်းအဆီး ၂၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ သတ်ဖြတ်ခံရမှု ၂၀ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ ဆိုနိုင်မှာဖြစ်ကာ မြေပြင်မှာတော့ အခုထက် ပိုမိုများပြားနိုင်တယ်လို့ AAPP က ပြောပါတယ်။
အစီရင်ခံစာအရ သေဆုံးသူ အမျိုးသမီးတွေဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတာတွေထဲမှာတော့ အကျဉ်းထောင်တွေထဲမှာ ၈ ဦး၊ ရဲစခန်းတွေမှာ ၂ ဦးနဲ့ စစ်ကြောရေးမှာ ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီးစုစုပေါင်း ၅,၆၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းက ၁,၄၄၀ ဦးနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ မကွေးတိုင်းတွေက အသီးသီး အများဆုံးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဖော်ပြပါ ဆိုးရွားရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်း ဖက်စစ်အုပ်စုကို နိုင်ငံတကာ တရားဥပဒေကြောင်းတွေအရ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုယန္တရားတွေ အားကောင်းလာစေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အသီးသီး အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ AAPP က တိုက်တွန်းထားပါတယ်။