ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဩဂုတ် ၂၉ ရက်နေ့က ဒေသခံ ကလေးအမေ အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်ခဲ့ကြပြီး ဝင်ရောက်ကူညီတဲ့ အမျိုးသားတယောက်ကိုတော့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေငံရွာကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ မတိမ်းရှောင်ဘဲ ရွာထဲမှာ ကျန်ခဲ့တဲ့အိမ်က ယောကျ်ားဖြစ်သူကို ဖမ်းဆီးပြီး အမျိုးသမီးကိုတော့ မုဒိမ်းကျင့်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
“မ++ က သူ့အဖေ ကျန်းမာရေးမကောင်းလို့ မသွားနိုင်တော့ ရွာမှာ ကျန်ခဲ့တာ။ ကလေးတယောက်လည်း ရှိတယ်။ အခုလာတဲ့ စစ်သားတွေကို ပထမတခေါက်လာတဲ့ စစ်သားတွေလိုပဲ ထင်ပြီး ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံလိုက်တာပေါ့။ အခု ရောက်လာတဲ့ စစ်သားတွေက အရင်လို မဟုတ်တော့ ရွာထဲ တွေ့ရာလုပ်တော့တာပဲ” လို့ ပြောပါတယ်။
အဲဒီအမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်ဖို့ ကြိုးစားနေချိန် ဝင်ရောက် ကူညီပေးခဲ့တဲ့ ကိုနိုင်အောင် ဆိုသူကိုတော့ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
“မ++ ကို ရွာထဲ စစ်သားတွေက ပါးရိုက်၊ နားရိုက်တယ်ဆိုပြီး အရက်ကြောင် ကြောင်သလို ဖြစ်နေတဲ့ ကိုနိုင်အောင်က သွားကယ်တယ်တဲ့။ အဲဒီမှာ နိုင်အောင်ကို စစ်သားတွေက ပစ်သတ်လိုက်တယ်။ အလောင်းကို ဘယ်သူမှ လာမကောက်ရဲတော့ အလောင်းက ပုပ်စော်နံနေတယ် ပြောကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေဟာ ရေငံရွာနဲ့ အုတ်ဖိုစုရွာကို ဝင်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးနဲ့ သူ့ယောကျ်ားဟာ လုံခြုံတဲ့ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်၊ ငှက်ပျောတုံးရွာနားမှာ ဆိုင်ကယ် ကယ်ရီသမား ၃ ယောက်ကို စစ်သားတွေက PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။