ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ စစ်မှုထမ်းစာရင်းထဲပါလို့ တိမ်းရှောင်နေတဲ့ CDM ကျောင်းဆရာတယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး စစ်ကောင်စီတပ် လက်ထဲ အပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ကျောင်းဆရာဟာ တေဇလမ်းမှာ နေထိုင်ကာ အာဏာသိမ်းပြီးနောက် ကျောင်းဆရာအလုပ်က ထွက်ပြီး စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်မှုထမ်းစာရင်းထဲ ပါလို့ ရှောင်နေတာကို အုပ်ချုပ်ရေးမှူးက လိုက်ရှာပြီး သြဂုတ် ၂၉ ရက်မှာ ဖမ်းဆီးကာ စစ်ကောင်စီတပ်လက်ထဲ ထည့်လိုက်တာလို့ ဆိုပါတယ်။
ကျောင်းဆရာနဲ့ နီးစပ်သူတယောက်က “နေ့လယ်ပိုင်းမှာ ကျောင်းဆရာလူငယ် ရှောင်နေတဲ့ နေရာကို အုပ်ချုပ်ရေးမှူးက ရောက်လာပြီး စစ်ကောင်စီတပ်တွေ၊ ပြည်သူ့စစ်တွေနဲ့ ဝိုင်းပြီး ဖမ်းဆီးသွားတာ။ စစ်မှုထမ်းဖို့ဆိုပြီး စာရင်းထဲ ပါပြီးသားပေါ့။ ထွက်ပြေးနေတာကြောင့်လို့ ပြောပြီး စစ်ကောင်စီတပ် လက်ထဲထည့်ပေးလိုက်တာ” လို့ ပြောပါတယ်။
ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က “ကျောင်းဆရာက လူငယ်ပဲရှိသေးတာ။ စစ်တပ် အာဏာသိမ်းပြီးကတည်းက အလုပ်ထွက်ထားတာ။ မြေပြင်အုပ်ချုပ်ရေးမှူးက သိတာပေါ့။ အဲဒါကို CDM လုပ်ထားတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းစာရင်းထဲ ထည့်လိုက်တာ။ ရှောင်နေတဲ့နေရာကို စုံစမ်းလိုက်ဖမ်းပြီးတော့ စစ်ကောင်စီလက်ထဲ အပ်လိုက်တာ” လို့ ပြောပါတယ်။
အဲဒီကျောင်းဆရာကို စစ်ကောင်စီတပ်က ဖမ်းသွားပြီးနောက် ရဲစခန်းမှာ ထားတယ်လို့ သိရပေမဲ့ မိသားစုက အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်ပြီး CDM ကျောင်းဆရာ ဆရာမတွေ၊ NLD ပါတီဝင်တွေကိုလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ကြား လူငယ်တွေကို စစ်မှုထမ်းဖို့ ပြည်သူ့ စစ်မှုထမ်းဥပေဒကို အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တာ၊ မဲနှိုက်တာအပြင် လိုက်လံဖမ်းဆီးတာတွေပါ လုပ်လာတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။