မကွေးတိုင်း၊ မြိုင်မြို့နယ်က ပျူစောထီးကျေးရွာတွေမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေအတွက် စစ်ကောင်စီတပ်က လေကြောင်းကနေချပေးတဲ့ ရိက္ခာထုပ်တွေကို PDF တပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မြိုင် ပဖက တပ်ခွဲ ၄ ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် ရှာဖွေသိမ်းဆည်းရရှိခဲ့ကြတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က အဲဒီရိက္ခာထုပ်တွေကို သရက်ကွ ပျူစောထီးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေအတွက် Y-12 ထောက်ပို့လေယာဉ်နဲ့ချပေးခဲ့တာဖြစ်ပြီး သြဂုတ် ၃၀ ရက်နေ့က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်တုန်း ရှာဖွေသိမ်းဆည်း ရရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဓားမင်းကြီး အဖွဲ့ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ ရရှိခဲ့တဲ့ရိက္ခာထုပ်ကြီးထဲမှာ ဆန်၊ ပဲဆန်၊ ငါးခြောက်၊ ဆန်ပြုတ်ထုပ်၊ ဆေးလိပ်တွေပါတဲ့ ရိက္ခာထုပ် ၅၀ နီးပါးကို သိမ်းဆည်းရရှိခဲ့ကြတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြိုင် ပကဖ တပ်ခွဲ ၄၊ ဓားမင်းကြီး အဖွဲ့၊ G.O.E Revolution Force၊ ဗိုလ်လင်းမြွေအဖွဲ့နဲ့ ဗိုလ်စတီးအဖွဲ့တို့ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်တုန်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို သိမ်းဆည်းရရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးအနားက စစ်ကောင်စီတပ်သားတွေအတွက် Y-12 စစ်ကောင်စီတပ် ထောက်ပို့လေယာဉ်နဲ့ ချပေးခဲ့တဲ့ အစာအာဟာရတောင့်တွေကို အသုံးပြုရမယ့် အညွှန်းစာတွေနဲ့အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။