မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ပကဖ တာ၀န်ခံတဦးက “လက်ဝဲမြင်းနီရွာက ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ၂ ကြိမ်လာချသွားတယ်။ ဘာတိုက်ပွဲမှဖြစ်တာမရှိဘူး၊ သက်သက်မဲ့ပြည်သူ့ကို ဒုက္ခလာပေး သွားတာပါ” လို့ DVB ကို ပြောပါတယ်။
နွားထိုးကြီးမြို့နယ် လက်ဝဲမြင်းနီကျေးရွာကိုလည်း သြဂုတ် ၂၈ ရက် နေ့လယ် ၁ နာရီ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ကျေးရွာဘုန်းကြီး ကျောင်းဆောင်တွေ ပျက်စီးကုန်ပြီး အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား ကလေးငယ် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ပကဖ ဆေးတပ်ဖွဲ့၀င်တယောက်က “ကလေးတယောက်ဆိုရင် ခြေထောက်တဖက် ပြတ်သွားတယ်။ နောက်တဖက်ကတော့ စတီးရိုးထည့်လို့မှ အဆင်မပြေရင် ဖြတ်ရမယ့် အနေအထားရှိတယ်။ နောက်တယောက်ကလည်း ဒဏ်ရာရတာများတယ်´´ လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ် ၂၇ ရက် နေ့လယ်ကလည်း ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၇၀ ၀န်းကျင်အရွယ် ဇနီးမောင်နှံသေဆုံးခဲ့ရပြီး အသက် ၁၀ နဲ့ ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “ဒီရွာမှာလည်း တိုက်ပွဲမရှိဘူး။ ၂၁ ရက်နေ့က တခါဗုံးကြဲခံရတုန်းက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တွေပျက်စီးကုန်ပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့သေးတယ်။ အခု နောက်တကြိမ်ထပ်အကြဲခံရတော့ အသက် ၇၀ ၀န်းကျင်တွေ ဦးအောင်သိန်းနဲ့ ဒေါ်မြ တို့ဇနီးမောင်နှံသေဆုံးခဲ့ရပြန်တယ်။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကတော့ မပြင်းထန်လှပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ငါန်းမြာကြီးကျေးရွာ က ဒေသခံပြည်သူတချို့ဟာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုတယ်။
သြဂုတ် ၁၉ ရက်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ် လက်အောက်ခံ ငါန်းမြာကြီးကျေးရွာ နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။