Home
မြန်မာသတင်း
ထီးချိုင့်တွင် ပိတ်မိစစ်သားအချို့ ပြည်သူ့ဘက်ကူးပြောင်းရန် ဆက်သွယ်လာ
DVB
·
August 29, 2024

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့ထဲမှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတချို့ ပြည်သူ့ဘက်ကို ကူးပြောင်းအလင်းဝင်ဖို့ ဆက်သွယ်တာတွေ ရှိလာတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဩဂုတ် ၂၀ ရက်ကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့မှာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဩဂုတ် ၂၂ ရက်နေ့မှာ ထီးချိုင့်မြို့တဖက်ကမ်း ဧရာဝတီမြစ်အရှေ့ခြမ်း မြတောင်အရပ်က စစ်ကောင်စီစခန်းတွေကို PDF တွေက သိမ်းယူထားပါတယ်။ 

မြတောင်ဘက်ကမ်းက စစ်ကောင်စီတပ်သားတွေဟာ မြစ်ကို ဖြတ်ပြီး မြို့ထဲက အင်အားတွေနဲ့ သွားပူးပေါင်းခဲ့ပြီးနောက် မြေပြင်လမ်းကြောင်းတွေ အကုန်ပိတ်ဆို့ခံထားရတာပါ။

ထီးချိုင့်ဒေသတိုက်ပွဲဝင် ရဲဘော်တဦးက “သပိတ်ကျင်းကတော့ တော်တော် ဒီကောင်တွေ လုံးဝကို တပ်ပျက်သွားပြီလေ။ ထီးချိုင့်မှာလည်း တကယ် သူတို့ အလင်းဝင်ချင်တဲ့သူတွေရှိတယ်၊ ဆက်သွယ်တာ ရှိတယ်၊ မြို့ထဲက သူတို့ထွက်မရလို့ ဆက်မရတာ ရှိတယ်။ ကိုယ့်မိသားစုမျက်နှာကို ကြည့်ပြီးတော့ အလင်းဝင်ပြီးတော့ ပြည်သူ့မေတ္တာခံယူရင် ပိုကောင်းတာပေါ့ဗျာ။ ကျနော်တို့ ဒီဘက်အလင်းဝင်တဲ့ဟာတွေဆိုရင် ကျနော်တို့ရော၊ ရင်းတွေက ထောက်ပံ့မှုပေးတဲ့အပြင်ကို ပြည်သူ့ရင်ခွင်အဖွဲ့ကလည်း ဂန်းတွေ ဘာတွေပါခဲ့ရင် သူတို့က ပြည်သူ့ရင်ခွင်က သက်သက်ချတာ ရှိတယ်နော်၊ သိန်း ၄၀ လောက်ချတာ၊ ပြီးတော့ လစာတွေ ဘာတွေ ပေးတာရှိတယ်။ ပြည်သူ့ရင်ခွင်က သက်သက်ကိုလေ၊ အဲဒီလိုတွေရှိတဲ့အခါကျတော့ ကိုယ့်မိသားစုတွေ နောင်ရေးအတွက်လည်း အေးရအောင်ဆိုပြီးတော့ ကျန်တဲ့သူတွေ အလင်းမြန်မြန်ဝင်စေချင်တာပေါ့ဗျာ။ ပြီးတော့ သူတို့တော်တော်ပြင်ဆင်ထားပါတယ်၊ ခံစစ်အနေနဲ့ဆိုရင် ထီးချိုင့်မြို့ပေါ်မှာဆိုရင် ဟိုးတုန်းကမထားဘဲနဲ့ အခုပွိုင့်ဖိုက်ကို ၅ လက်လောက်တောင်မှ သူတို့ ပြင်ဆင်ထားတာလေ။ တိုက်မိုင်းဆိုရင်လည်း၊ မြေမြှုပ်မိုင်း ဆိုရင်လည်း တောင်မှာ အထပ်ထပ်ပဲ။ အထပ်ထပ်ဆင့်ပြီးတော့မှ သူတို့တောင်ကို ကာထားတာ။ ကိုယ့်ဘက်ကလည်း ဖြတ်တောက်ရေးက လုပ်ထားတာကိုး၊ ခါတိုင်းဆိုရင် မြတောင်ဘက်ကနေပြီးတော့ စစ်ကူအမြဲတမ်းပို့တယ်၊ ခု မြတောင်ကို အရင်သိမ်းတာဆိုတော့ သူတို့ စစ်ကူပို့ဖို့တော့ တော်တော်ခက်ခဲသွားမယ်။”

ထီးချိုင့်မြို့အနီး စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက အင်းတော်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ဩဂုတ် ၁၆ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့မရဲစခန်းအပါအဝင် စခန်းငယ်တွေကို သိမ်းယူထားပါတယ်။ 

PDF တွေသိမ်းယူထားတဲ့ အင်းတော်မြို့အနီး နဘားလမ်းဆုံစစ်ကောင်စီစခန်းနဲ့ နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီတပ်သားတွေဟာ အင်းတော်မြို့ထဲက အင်းတော်စစ်တပ်ကုန်း (ဂျပန်ဆေးရုံဟောင်း) နေရာက အင်အားတွေနဲ့ ပူးပေါင်းနေတယ်လို့ သိရပါတယ်။

ထီးချိုင့်ဒေသတိုက်ပွဲဝင်ရဲဘော်တယောက်က “အင်းတော်ကလည်း ကျနော်တို့ ဆေးရုံကုန်းတွေ၊ ရဲစခန်းတွေ အဲဒါတွေကတော့ အကုန်သိမ်းထားပြီးပြီ။ ဒါပေမဲ့ ဂျပန်ကုန်း ခေါ်တာပေါ့နော်၊ ဂျပန်ဆေးရုံကုန်းပေါ့။ အဲဒီမှာတော့ အင်အား နဂိုရှိတာ ၂၀၀ လောက်ရယ်၊ နဘားဘက်က ဘုန်းကြီးကျောင်းဘက်က ဆုတ်လာတဲ့‌ေ-ွး ၈၀ လောက်ရယ်ဆိုတော့ အင်အား ၂၈၀ လောက်ရှိမယ်။ အင်းတော်ကတော့ စောစောကသိတာတော့ အလင်းဝင်မယ် အလင်းဝင်မယ်ဆိုပြီး ဒါပေမဲ့ တော်တော်တော့ယုံလို့မရဘူးဗျ၊ သူတို့အင်အားပြန်ပြည့်လာရင် ပြန်ပြီးတော့ ခုခံတာ များတာလေ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်း ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်းမြို့တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေမှာ PDF တပ်ရင်း ဆယ်နဲ့ချီပြီး ပါဝင်သလို PDF နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အား ထောင်နဲ့ချီ ပါဝင်တိုက်ခိုက်နေတယ်လို့ PDF ရင်းမြစ်တွေက သတင်းဖော်ပြပါတယ်။ စစ်ကောင်စီကတော့ လေကြောင်းပစ်ကူတွေ ဆက်တိုက်အသုံးပြုပြီး မြို့တွေကို လက်မလွှတ်ရဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

စဉ့်ကူး PDF အဖွဲ့ဝင်တယောက်က “ချတာကတော့ Y12 တွေရော၊ ဖိုက်တာတွေရော အကုန်လုံးကို ဆော်နေတာပဲ၊ နေ့ရော ညရော နားကိုမနားဘူး၊ သပိတ်ကျင်း ၇ မိုင်ဘက်ပေါ့။ သပိတ်ကျင်းဘက်မှာချတာ အဲ့ဒီမှာ တော်တော်ဖြတ်နေတာဆိုတော့၊ ၅ ရက်လောက်ရှိပြီ။ ဖုန်းလိုင်းတွေက အကုန်ဖြတ်ထားတာ ဆိုတော့လေ၊ လောလောဆယ် စဉ့်ကူးဘက်က ငြိမ်နေတာပေါ့” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ  ၂၀၂၃ နိုဝင်ဘာ ၇ ရက်က စတင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မြို့ကိုလက်မလွှတ်ဘဲ လေကြောင်းပစ်ကူနဲ့ထိန်းခဲ့တာကြောင့် အချိန် ၉ လကျော်ကြာတဲ့အထိ PDF တွေက အပြီးသတ်မသိမ်းနိုင်ခဲ့ဘဲ တိုက်ပွဲအချိန်ကြာခဲ့ပါတယ်။ 

ပျူစောထီး အားကောင်းတဲ့ မြတောင်အရပ်ဟာ တိုက်ပွဲချိန် ၉ လကျော်အတွင်းမှာ ထီးချိုင့်မြို့ထဲက စစ်ကောင်စီတပ်သားတွေကို လက်နက်နဲ့ရိက္ခာ ထောက်ပို့တဲ့ လမ်းကြောင်း ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီက လေကြောင်းကနေပဲ ထောက်ပို့နိုင်တော့တဲ့ အခြေအနေ ဖြစ်လာတာပါ။ 

မန္တလေးတိုင်းမှာတော့ မိုးကုတ်နဲ့ စဉ့်ကူးလမ်းပိုင်းအကြားက စစ်ကောင်စီဗျူဟာမြောက် တပ်စခန်းတွေ အပါအဝင် စခန်းငယ်တွေအားလုံး ကင်းစင်သွားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သတင်းထုတ်ပြန်ထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013