မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာမှာ သြဂုတ် ၂၆ ရက်က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၆ နှစ် အရွယ် ကလေးငယ် တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသဆီက သိရပါတယ်။
ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာကို ဇီးဝန်းအမြောက်တပ် ၃၁၄ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၁ ခရိုင်တာဝန်ရှိသူတဦးက ပြောပါတယ်။
“တောင်ကလေးမှာ နှစ်ဖက်တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်နေတာ နေ့တိုင်းလိုပဲ။ ဟိုတလောတုန်းကလည်း လက်နက်ကြီးနဲ့ပစ်လို့ တောင်ကလေးရွာက ၂ ဦး သေဆုံး ပြီး ၅ ဦးဒဏ်ရာရခဲ့သေးတယ်။”
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၆ နှစ်အရွယ် ၂ တန်းကျောင်းသား မောင်ဝင်းကိုရဲ့ ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကလည်း ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု တောင်ကလေးရွာအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ငယ်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက်အပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။