Home
မြန်မာသတင်း
ဒီပဲယင်းတွင် စစ်တပ်က ရိက္ခာနှင့်လက်နက်ဖြည့်တင်း၊ မြို့ပေါ်ရပ်ကွက် ကျေးရွာများကို မီးရှို့
DVB
·
August 27, 2024

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်ထဲက ဒီပဲယင်းမြို့မှာ စစ်တပ်က ရိက္ခာနဲ့လက်နက်တွေ ဖြည့်တင်းနေပြီး မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့ကို မီးရှို့နေကြောင်း PDF တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဩဂုတ် ၁၈ ရက်မှာ သိမ်းပိုက်လိုက်ပေမယ့် လေကြောင်းပစ်ကူနဲ့ တပ်ကူတွေကြောင့် အဲဒီညနေမှာပဲ ပြန်ပြီးလက်လွှတ်လိုက်ရတာပါ။

အဲဒီနောက် မြို့ပေါ်ရပ်ကွက်တချို့ကိုမီးရှို့ခဲ့သလို ဩဂုတ် ၂၄ ရက်မှာ မြို့အနားက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ် ၂၅ ရက်မှာတော့ မြို့ထဲကို ရိက္ခာနဲ့ လက်နက်တွေဖြည့်တင်းခဲ့တယ်လို့ 96 Soldiers PDF ရဲ့ စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ပြောပါတယ်။

“Y-12 နှစ်စီးနဲ့  သူတို့စခန်းထဲက ဒဏ်ရာရထားတဲ့သူတွေ ရဲမိသားစုတွေကို သယ်တယ်၊ ပြီးလို့ရှိရင် သူတို့စခန်းက ဓာတ်ဆီတွေ၊ လက်နက်တွေ ဖြည့်တာရှိတယ်ဗျ။  တချို့လက်နက်ကြီးလို့ ယူဆရတဲ့အရာတွေ သူတို့မြို့ထဲကို ဖြည့်တာမျိုးတွေ၊ ဒုံး ရောက်တယ်လည်း ကျနော်တို့ သတင်းရတယ်၊ အတိအကျတော့မဟုတ်ဘူးဗျ။ အင်အားက ခန့်မှန်း ၁၅၀ အထက်ပဲရှိတယ်ဗျ။”

ဩဂုတ် ၂၄ ရက်ကလည်း ဒီပဲယင်းမြို့ကနေ အပြင်ကျေးရွာတွေဆီ ထွက်လာခဲ့တဲ့ စစ်ကြောင်းက ကံပြားရွာ၊ မစိုးရိမ်ရွာနဲ့ ပျော်ဘွယ်ရွာ အပါအဝင် ဒီပဲယင်း-ရေဦးလမ်းပေါ်က ရွာတချို့ကို ဝင်ရောက်မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ ရေဦးမြို့ဘက်ကနေလည်း စစ်ကြောင်းထိုးခဲ့တာကြောင့် အနီးဝန်းကျင်မှာရှိတဲ့တဲ့ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတယ်လို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သိသလောက်ဆို မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကွက်သစ်တို့၊ တောင်ပြင်တို့ ပြီးတော့ ကံပြားတို့၊ မစိုးရိမ်တို့ အဲလောက်ပဲ ကျနော်တို့က သိတယ်ဗျ။ မြေပြင်တော့ ကျနော်တို့ သွားပြီးတော့ ကြည့်တာမျိုး၊ စုံစမ်းတာမျိုးတော့ မလုပ်နိုင်ဘူး။ ရေဦးဘက်က စစ်ကြောင်းက အထွက်ပြပြီး ရှို့တာတော့မရှိဘူး။ မုံ့စီကို ထိုင်ထားတယ်လို့ သိရတယ်။ မုံ့စီကျေးရွာပေါ့။ ပြန်မဝင်သေးဘူးလို့ သိရတယ်။  အဲဒီ မုန့်စီတို့ ဒီပဲယင်းနဲ့ ရေဦးအစပ်က ရေဦးစစ်ကြောင်းကြောင့် ပြေးတာတော့ ၁ ပတ်ကျော် ၂ ပတ်နီးပါး လောက်ရှိသွားပြီဗျ။ အဲဒီမှာတော့ အစားအစာခက်ခဲတာတို့၊ နေစရာ တည်းခိုစရာ မိုးကျတဲ့ မိုးရာသီဆိုတော့ အခက်အခဲတော့ရှိတယ်ဗျ။”

တချို့က စစ်ဘေးရှောင်ဦးရေကို ၂၀,၀၀၀ လို့ ပြောနေကြပေမဲ့ မြေပြင်မှာတော့ စစ်ရှောင်ဦးရေဟာ ၅၀၀၀ ကနေ ၇၀၀၀ ကြားပဲရှိလိမ့်မယ်လို့ ကိုမန်းလေးနဲ့ စစ်ရှောင်ကူညီနေသူတွေက ခန့်မှန်းပါတယ်။

ဒီပဲယင်းမြို့ထဲမှာ ဒေသခံတချို့ ကျန်နေခဲ့ပြီး အခြေအနေအသေးစိတ်ကို မသိရသေးသလို လတ်တလော ထိတွေ့တိုက်ပွဲဖြစ်တာလည်း မရှိသေးဘူးလို့ဆိုပါတယ်။

မြို့ခံတွေကတော့ အမြဲတမ်းစစ်ရှောင်ဖြစ်လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးနိုင်တာကြောင့် များပြားလှတဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တခြားကျေးရွာ ကဒေသခံတွေနဲ့ အဖွဲ့အစည်းတွေဘက်မှာလည်း ရေရှည်ထောက်ပံ့ဖို့ အခက်အခဲ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024