စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်း၊ ဦးကင်းကြည်ရွာကို ဩဂုတ် ၂၅ ရက် မနက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သား ၄ ယောက်ကို ဖမ်းဆီးကာ ၃ ယောက်ကို လည်လှီးသတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဦးကင်းကြည်ရွာဟာ ချပ်သင်းစံပြရွာရဲ့ အရှေ့ဘက် ၁ မိုင်ခွဲကွာဝေးပြီး ဒေသခံတွေဟာ မိရိုးဖလာ လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ကြတာလို့ သိရပါတယ်။
ဒေသခံတယောက်က “သူတို့စစ်ကြောင်း စထွက်ခဲ့တာက ကန့်ဘလူကနေ စစ်ကြောင်း စထွက်လာတာဗျ။ စထွက်တဲ့နေ့ကတော့ ဩဂုတ် ၁၇ ရက်က ဖြစ်မယ်ဗျ။ သူတို့ ချပ်ကြီးရွာနဲ့ ချပ်သင်းရွာဘက်ကို ရိက္ခာပို့ရင်း စစ်ကြောင်းထိုးလာတာဗျ၊ စစ်သားအင်အား ၇၀ လောက် ပါမယ်။ စစ်သားရော၊ ပျူရောပေါ့ဗျာ။ သူတို့ ရွာထဲဝင်လာပြီး အရပ်သား ၄ ဦး ဖမ်းဆီးတယ်ဗျ။ အဲဒီ ၄ ဦးထဲက အသက် ၃၀ ဝန်းကျင်အရွယ် ဖြစ်ကြတဲ့ ကိုလှိုင်မင်း၊ ကိုနိုင်မင်းတို့နဲ့အတူ အသက် ၂၇ နှစ်အရွယ် ကိုဇင်ကိုဦးတို့ ၃ ဦးကို လည်လှီးသတ်ဖြတ်ခဲ့တယ်ဗျ။ နောက်ထပ် အသက် ၅၀ အရွယ် ဦးမောင်ငွေမှာ ပျောက်ဆုံးနေသေးတယ်ဗျ” လို့ ေပြာပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ် မြောက်ခြမ်းက ချပ်ကြီးရွာနဲ့ ချပ်သင်းရွာတွေဘက်ကို ရိက္ခာပို့ စစ်ကြောင်းထိုး လှုပ်ရှားနေတာ တပတ်ကျော် ကြာမြင့်နေပြီလို့ ကန့်ဘလူနယ်မြို့နယ် ပြည်သူကာကွယ်ရေး ရဲဘော်တယောက်က ပြောပါတယ်။
“အရပ်သား ၃ ဦးကို သတ်သွားတာတင် မကဘူးဗျ၊ လူနေအိမ် ၅ လုံးကိုပါ မီးရှို့သွားတယ်ဗျ။ မီးရှို့တဲ့အချိန်က ညနေ ၃ နာရီမှာ စရှို့တာဗျ။ ရွာကိုမီးရှို့ပြီးတာနဲ့ ရွာထဲကနေ ပြန်ထွက်သွားကြတယ်။”
အခုလို စစ်တပ်က ကန့်ဘလူမြောက်ခြမ်းကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ရွာသား ၃ ယောက်ကို သတ်ဖြတ်ပြီး ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ချပ်သင်းရွာဘက် ပြန်လည်ထွက်ခွာသွားပြီး လက်ရှိအချိန်မှာ ချပ်သင်းရွာထဲမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ပြန်ချီတက်ကျေးရွာကို သြဂုတ် ၂၀ ရက်မှာ စစ်ကောင်စီ တပ်သားတွေ ၀င်ရောက်မီးရှို့ဖျက်ဆီးသွားတဲ့အတွက် လူနေအိမ် ၂၀ ကျော်၊ ကား ၁ စီးနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေကျေပျက်စီးကုန်တယ်လို့ သိရပါတယ်။
ပြန်ချီတက်ကျေးရွာသားတယောက်က “ကျနော်တို့ရွာထဲကို စစ်တပ်စစ်ကြောင်း ၀င်လာပြီး ကျနော်တို့တွေကို အိမ်ရှေ့လမ်းပေါ်ထွက်ထိုင်ခိုင်းထားတယ်။ သူတို့စစ်သားတွေက ကျနော်တို့ အိမ်တွေထဲ ဇွတ်၀င် မွဆန်ကြဲအောင်ဖွပြီး ပစ္စည်းတွေယူတယ်။ ဖုန်းတွေသိမ်းပြီးယူသွားတယ်။ နောက်ပြီးရွာကိုလည်း မီးရှို့သွားသေးတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀ ကျော်၊ မော်တော်ယာဥ် ၁ စီးနဲ့ ကြက်၊ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ၀က် ၉ ကောင်အပြင် လယ်ယာသုံးနွား ၄ ကောင်ပါ သေကျေခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပြန်ချီတက်ကျေးရွာအပါအ၀င် အနီးအနားက ကျေးရွာတွေကို ၀င်ရောက်ဖျက်ဆီးခဲ့တဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၂၃ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်း (PPDF) ရဲ့ တာ၀န်ခံတယောက်က ပြောပါတယ်။
“အဲ့ဒီ ပြန်ချီတက်ရွာနား၀န်းကျင်မှာ အခုတလော တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စစ်တပ်ကပေးတဲ့ လိုင်းခန်းအစုတ်မှာ နေရတဲ့ ကောင်တွေက ပြည်သူတွေရဲ့အိမ်တွေကို အသားလွတ် မီးရှို့ဖျက်ဆီးသွားရုံတင်မကဘဲ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးတယ်။ အဲဒါကြောင့် အဲဒီ စစ်အင်အား ၇၀ နီးပါး ပါတဲ့ စစ်ကြောင်းကို လမ်းမှာဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”
မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးနိုင်ပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်ခရိုင် ၃၆၀၁ တပ်ရင်း (PPDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် လက်အောက်ခံတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး၀င်ရောက်ကြပြီး အလင်း၀င်ကြဖို့ တိုက်တွန်းထားပါတယ်။