အင်းစိန်လူမိုက်ကျော်ဝင်းစိန်ရဲ့ နေအိမ်လိုင်းခန်းတွေနဲ့ ဘိန်းခန်းမှာနေထိုင်တဲ့သူတွေကို စစ်တပ်က ၂ ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်းပြီး ချိပ်ပိတ်ဖို့ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက လူမိုက်ကျော်ဝင်းစိန်ပိုင်ဆိုင်တဲ့ အင်းစိန်ကမ်းနား အလယ်ရပ်ကွက်က နေအိမ်၊ အဆောင်လိုင်းခန်းနဲ့ဘိန်းခန်းမှာနေထိုင်တဲ့သူတွေကို သြဂုတ် ၂၂ ရက်က ၂ ရက်အတွင်းက ပြောင်းရွှေ့ပေးဖို့ ပြောဆိုခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“ပတ္တမြားလမ်းမကြီးပေါ်က နှစ်ထပ်တိုက် ၁ လုံး၊ ပတ္တမြားလမ်းသွယ် ၁ ထဲက ဘိန်းခန်းနဲ့ အဆောင်မှာနေတဲ့သူတွေကို စစ်တပ်က ၂ ရက်အတွင်း ဖယ်ပေးဖို့ပြောတာ အိမ်တွေကို ချိပ်ပိတ်မလို့ထင်တယ်။”
လူမိုက်ကျော်ဝင်းစိန် အသတ်ခံရပြီးနောက် အင်းစိန်နဲ့ရွှေပြည်သာကို ညီဖြစ်သူ ကျင်ဟုတ်နဲ့ သန်းမင်းလတ်တို့က ဦးစီးနေပြီး ရွှေပြည်သာရှိ နေအိမ်အချို့လည်း ချိပ်ပိတ်ခံရနိုင်တယ်လို့ ရွှေပြည်သာမြို့ခံလူမိုက်တဦးက DVB ကို ပြောပါတယ်။
“အရင်ကတည်းက ကျော်ဝင်းစိန်က ရွှေပြည်သာမှာ သူရဲ့အမှုတွဲဖြစ်တဲ့ ကထိနဲ့ ဒညင်းကုန်စျေးလူ
မိုက် ဘဲကြီးတို့ကို ခွဲတမ်းချပေးတာ WY အစ ဘိန်းဖြူအဆုံး အကုန်ရတယ်။ အခုတော့ သူ့ညီကျင်ဟုတ်နဲ့ သန်းမင်းလတ်က ဦးဆာင်နေတယ်။”
လူမိုက်ကျော်ဝင်းစိန် သက်ရှိထင်ရှားရှိစဥ်က တိုင်းရဲတပ်ဖွဲ့နဲ့ပေါင်းကာ ကမ်းနားအလယ်ရပ်ကွက်မှာ ဘိန်းခန်းတွေဖွင့်ကာ ချမ်းသာခဲ့ပြီး စစ်တပ်က ပိုင်ဆိုင်မှုတွေကို မျက်စီကျကာ ချိပ်ပိတ်တာလည်း ဖြစ်နိုင်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက သုံးသပ်ပြောဆိုပါတယ်။
“ကြည့်မြင်တိုင် ငမျိုးရော၊ ကျော်ဝင်းစိန်ရော နာမည်ပေါက်တွေဆိုတော့ ငမျိုးက အဖမ်းခံရပေမဲ့ ဒီအတိုင်းမနေဘူး။ သူပိုင်ရာဆိုင်ရာနဲ့ ဘဝပျက်အောင်ပြန်လုပ်မှာ။ ဘိန်းခန်းတွေ ရလာတဲ့ငွေတွေ အရမ်းချမ်းသာလာတော့ ချိပ်ပိတ်ဖို့ စစ်တပ်က လုပ်တာဖြစ်မယ်။”
အင်းစိန်နဲ့ ရွှေပြည်သာလူမိုက် ကျော်ဝင်းစိန်ကို ၂၀၂၃ ခု ဒီဇင်ဘာ ၈ ရက် ည ၁၂ နာရီက ကြည့်မြင်တိုင် ငမျိုးနဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်ကာ ဓားနဲ့ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။
ကျော်ဝင်းစိန် အသတ်ခံရပြီး ၄ လအကြာမှာ ကြည့်မြင်တိုင် ငမျိုးအပါအဝင် ၉ ဦးကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး၊ ပုဗ္ဗာရုံကျောင်းအတွင်းမှာ စစ်ကိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ရန်ကုန်ကို လွှဲပြောင်းပေးခဲ့တာပါ။