Home
မြန်မာသတင်း
လက်ပံတန်းတွင် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေ၊ မအူရဲစခန်း သိမ်းပိုက်ခံရ
DVB
·
August 25, 2024
Photo - NUG ၊ သာယာဝတီခရိုင်ရဲဘော်တဦး
Photo - NUG ၊ သာယာဝတီခရိုင်ရဲဘော်တဦး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဩဂုတ် ၂၄ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၂၀ ကျော်သေဆုံးပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို သြဂုတ် ၂၄ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်း ၁၀ ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ ရဲ့ စစ်ဆင်ရေးတာဝန်ခံတယောက်က “အင်အား ၁၀၀ နီးပါး လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ပဲခူးရိုးမပေါ်စစ်ကြောင်းထိုးလာတာကို ရေငံရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၂၀ ကျော်သေတယ်။ ၁၀ ယောက်ကိုတော့ အရှင် ဖမ်းမိထားပါတယ်။ သူတို့စစ်ကြောင်းအထိနာပြီး တချို့ထွက်ပြေးသွားကြလို့ လွတ်တဲ့ ကောင်တွေလည်း လွတ်သွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီထားရှိပြီး စစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုကနေ G3 သေနတ် ၁၉ လက်၊ G4 သေနတ် ၁ လက်၊ ၄၀ မမ ၂ လက်၊ MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၂ လက်၊ MA12 သေနတ် ၁ လက်၊ MA2 (MK-11) သေနတ် ၁ လက်၊ ပစ္စတို (MA-5) သေနတ် ၁ လက်၊ G3 ကျည် ၁၉၆၃ တောင့်၊ MA ကျည် ၁၇၈ တောင့်၊ ၉ မမ ကျည်အတောင့် ၂၀၀၊ ကျည်ဘောက်မျိုးစုံ ၆၅ ခု၊ ငွေသား ၂၅ သိန်းကျော်နဲ့အတူ ဖုန်း ၈ လုံးတို့ သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ရဲဘော်တွေဘက်က ကြီးမားတဲ့ ဒဏ်ရာရတာ မရှိပါဘူး။ ရဲဘော်တွေအားလုံးရဲ့ ပေါင်းစုတဲ့အင်အားကြောင့် ရလာတဲ့ အောင်ပွဲရလဒ်တခု ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း မြို့ပြတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကို တိုက်ပွဲတွေ အကြိမ်ကြိမ်နွှဲပြီး အောင်ပွဲတွေ အလီလီရအောင် ဆက်လက်ကြိုးစားသွားကြမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ ၃၊ ၅၊ ၆ တို့နဲ့ အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်တွေ ချမှတ်ပေးထားပြီး အဲဒီနေရာတွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေကြတာပါ။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူကျေးရွာက မအူရဲစခန်းကို သြဂုတ် ၂၄ ရက်၊ မနက် ၂ နာရီဝန်းကျင်မှာ ၀င်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရေစကြို ပကဖ ရဲ့ စစ်ဆင်ရေးတာဝန်ခံတယောက်က “မအူရဲစခန်းကိုက ၁ လ ကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့ထားခဲ့တာ။ တကယ်တမ်းတိုက်ခိုက်ချိန်က ၂ နာရီကျော်လောက်ပဲ ကြာတယ်။ အဲဒီစခန်းက စစ်သား၊ ရဲနဲ့ ပျူတွေအားလုံး ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေနဲ့ အထက်ကိုဆန်ပြီး ထွက်ပြေးသွားကြလို့ စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

မအူရဲစခန်းသိမ်းတိုက်ပွဲကနေ Jammer စက်အကြီး ၁ လုံး၊ M79 သေနတ် ၁ လက်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ အီနာဂါ ဗုံးသီး ၄ လုံး၊ G3 ကျည် အတောင့် ၂၈၀၊ ၉ မမ ကျည် အတောင့် ၅၀၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးစက် ၁ လုံး၊ ဘက်ထရီအိုး ၂ လုံးနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ မအူရဲစခန်းကို အပြီးသတ်ဖျက်ဆီးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မအူကျေးရွာရဲစခန်းဟာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာကို မကြာခဏ ခံခဲ့ရတာဖြစ်ပြီး အခုတကြိမ်မှာတော့ ရေစကြို ပ.က.ဖ၊ Salingyi Special Task Force (SSTF)၊ မြိုင် ပ.က.ဖ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ပူးပေါင်းပြီး စခန်းသိမ်းနိုင်တဲ့အထိ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေရဲ့ တိုက်ခိုက်မှုကြောင့် မအူရဲစခန်းက စခန်းမှူး မြင့်ကျော် အပါအဝင် ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာပျူကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတဲ့အတွက် ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ ဟင်္သာပျူကျေးရွာတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013