Home
မြန်မာသတင်း
KIA သိမ်းထားသည့် မိုးမောက်မြို့ကို စစ်ကောင်စီ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြန်ဖြစ်
DVB
·
August 25, 2024

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့ ခမရ ၄၃၇ ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

မိုးမောက်မြို့က ခမရ ၄၃၇ တပ်ရင်းကို ကို KIA က ဩဂုတ် ၁၉ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က တပ်ရင်းဝန်းကျင်ကို လေကြောင်းကနေ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ခဲ့ပြီး အခု စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

ဗန်းမော် ၅ မိုင်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် ၇ မိုင် ကျေးရွာ ပတ်ဝန်းကျင်မှာ ဩဂုတ် ၂၃ ရက်နေ့က တိုက်ပွဲပြန်ဖြစ်နေတယ်လို့ မိုးမောက်မြို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“၄၃၇ သိမ်းပြီးတဲ့နောက် တရက် ခဏငြိမ်ပြီး လေယာဉ်နဲ့ လာပစ်တာလည်း ရှိတယ်။ ဒရုန်းနဲ့ လာပစ်တာလည်း ရှိတယ်။ မနေ့ကနေ ခြေလျင်နဲ့ ပြန်ထိုးလာတာရှိတယ်။ ဒီနေ့(ဩဂုတ် ၂၄ ရက်) လည်း ထိုးလာလို့ တိုက်ပွဲဖြစ်တာရှိတယ်။ ဖမ်းမိတာတွေလည်း ရှိတယ်။”

တိုက်ပွဲအတွင်း ဗန်းမော်နဲ့ ၅ မိုင် စစ်ကောင်စီတပ်စခန်းတွေကနေ တိုက်ပွဲဖြစ်နေတဲ့ ၇ မိုင် ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။

မိုးမောက်ကို ပြန်ပြီးထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခမရ ၄၃၇ တပ်စခန်းကနေ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ထဲက ဖြစ်တယ်လို့ ယူဆရကြောင်းလည်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်နဲ့ မံစီကြားထဲက KIA သိမ်းပိုက်ထားတဲ့ ကောင်ဂျာယန်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီက  စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်တာတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော် စကခ ၂၁၊ ၅ မိုင် စီအင်ကျေးရွာနဲ့ ဗန်းမော်မြို့ကြားက စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ မဟာမိတ်တွေက ၅ မိုင် ဝန်းကျင်မှာ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့အနီးက KIA နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၆ စီး ဝန်းကျင်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ DVB ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024