စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဩဂုတ် ၂၂ ရက် ညနေ ၄ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကွန်းဒေသခံတယောက်က “ကာကွယ်ရေးတပ်က အရင်လာပစ်တာ ဖြစ်မယ်ဗျ။ ညနေ ၄ နာရီကစပြီး ပစ်ခတ်တဲ့ အသံတွေ ဆူညံနေတာပဲ။ ပြည်သူတွေကတော့ တိုက်ပွဲစဖြစ်တာနဲ့ လွတ်အောင်ပြေးနိုင်သူက ပြေးပေါ့။ မပြေးနိုင်တဲ့သူတွေက ခုံတန်းလျားအောက်၊ ခုတင်အောက်၊ စားပွဲခုံအောက် ပုန်းကြ၊ ဝပ်ကြရတာပါပဲ။ ကျနော်တို့ ဒေသခံတွေကတော့ဗျာ ငြိမ်းချမ်းစေချင်တာပါပဲ။ လက်နက်ကိုင်တွေကြားထဲမှာ နေထိုင်ရတဲ့ အရပ်သားတွေရဲ့ဒုက္ခက မသေးဘူးအစ်ကို” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ေရးတပ်ဘက်ကလည်း ရဲဘော် ၂ ယောက် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးအဖွဲ့ တာဝန်ရှိသူ ဗိုလ်ကျားကြီးက “တိုက်ပွဲကတော့ ညနေခင်း ၄ နာရီကစပြီး ညပိုင်း ၈ နာရီလောက်မှာ ပြီးသွားတယ်ဗျ။ စကစဘက်က စနိုက်ဘာကိုင်တဲ့ကောင်ကတော့ မျက်မြင်ကျဆုံးသွားတယ်။ အနည်းဆုံးတော့ စကစဘက်က ၄ ဦးလောက် ကျဆုံးပြီး ၇ ဦးလောက် ဒဏ်ရာရရှိနိုင်တယ်။ ကိုယ့်ဘက်ကတော့ ရဲဘော် ၂ ဦး ကျည်ထိမှန်တယ်။ တဦးကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ DVB ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော် ၂ ယောက်စလုံးကလည်း ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၄ ယောက်ကျဆုံးပြီး ၇ ယောက် ထိခိုက်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုပေမဲ့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခုတိုက်ပွဲကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့၊ နဂါးနီ၊ ယူနီကွန်း၊ တောဒေါင်းနီ အဖွဲ့တို့ ပူးပါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။