Home
မြန်မာသတင်း
အင်းတော်မြို့နယ် နဘားလမ်းဆုံကို KIA ပူးပေါင်းတပ်များ ထိန်းချုပ်
DVB
·
August 22, 2024

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက နဘားလမ်းဆုံကို KIA- PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမဲ့ အင်းတော်မြို့မှာ တိုက်ပွဲဆက်ဖြစ်နေလို့ ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း စစ်ကိုင်း-ကချင်အစပ်က ထီးချိုင့်၊ ပင်လည်ဘူးနဲ့ အင်းတော် အပါအဝင် နေရာ ၅ ခု ထက်မနည်းမှာ ဩဂုတ်လထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီအထဲက အင်းတော်နဲ့ နဘားကို ဩဂုတ် ၁၅ ရက်လောက်မှာ တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ပြီးနောက် အင်းတော်-မော်လူး-ကသာ လမ်းဆုံမှာရှိတဲ့ နဘားကျေးရွာကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ထွေအုပ်နဲ့ ရဲစခန်းတွေကနေ ခံစစ်မဆင်ဘဲ မြို့ပေါ်က အထပ်မြင့်နေရာတွေမှာ စနိုက်ပါတွေကို ချန်ထားခဲ့ပြီးနောက် စစ်တပ်ကုန်းဆီ အကုန်သွားပေါင်းခဲ့တယ်လို့ ပြောပါတယ်။

အင်းတော်ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “စစ်ကောင်စီ တပ်မ ၇၇ အထိုင်ချထားတဲ့ အင်းတော်စစ်တပ်ကုန်းပေါ့။ သူတို့ အဲမှာပဲနေပြီးတော့ ခံစစ်အနေနဲ့ ပြန်ပြီးတော့ ခုခံနေတာပေါ့နော်။ ကျနော်တို့ ဩဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်နေ့ကတော့ နဘားမှာ အထိုင်ချထားတဲ့ တပ်စခန်း ၂ ခုကို ရလိုက်တယ်ပေါ့။ ရပြီးတဲ့နောက်မှာတော့ ဒီစစ်တပ်ကုန်းကိုပဲ ထိုးစစ်ဆင်နေတဲ့ သဘောမျိုးပေါ့” လို့ ပြောပါတယ်။

အဲဒီစစ်တပ်ကုန်းနေရာဟာ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ မြေအောက်ဆေးရုံလုပ်ခဲ့တဲ့ နေရာဖြစ်ပြီး အာဏာသိမ်းပြီးချိန်မှ စစ်ကောင်စီတပ်သားတွေ ရောက်ရှိ တပ်စွဲခဲ့တာလို့ ပြောပါတယ်။

စစ်ကိုင်းအထက်ပိုင်းက တိုက်ပွဲတွေအပြင် အင်းတော်မြို့တိုက်ပွဲမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပေမဲ့ KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ကတော့ တရားဝင် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်ထင်တာ အနည်းအကျဉ်းတော့ ပါမယ်ထင်တယ်။ မပါဘူးလို့လည်း ကျနော် ပြောလို့မရဘူး။ အဲဘက်က တပ်ပိုင်းဆိုင်ရာ အဆက်အသွယ်လည်း မရှိတဲ့ အခါကြတော့လေ၊ ပါမှာပါ။ ထင်တာပေါ့လေနော်။ ကျနော်တို့ဆီမှာ တရားဝင်ပြောတာတော့ မရှိဘူး။ လိုင်းပေါ်မှာကတော့ ကျနော်လည်း တွေ့ရပါတယ်။ မူပေါ်လစီအရ ကျနော်တို့ တာဝန်ယူတဲ့အပိုင်းတွေ၊ ပါဝင်တဲ့အပိုင်းတွေကိုတော့ ကျနော် တိတိကျကျ မသိရသေးဘူးခင်ဗျ။”

ဒါပေမဲ့ အင်းတော်မြို့တိုက်ပွဲဟာ ဩဂုတ် ၂၂ ရက်အထိဆိုရင် ၁ ပတ်ဝန်းကျင် ကြာမြင့်လာပြီး တိုက်ပွဲအတွင်း စစ်တပ်ကပစ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အင်းတော်နဲ့ နဘားက ဒေသခံ ၃ ယောက် သေဆုံးပြီး ၅ ယောက်ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အင်းတော်၊ နဘားနဲ့ အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေက ဒေသခံ ၂၀,၀၀၀ ဝန်းကျင်ဟာ မြို့နဲ့အလှမ်းဝေးပြီး လက်နက်ကြီးလွတ်မယ်ထင်တဲ့ နေရာတွေကို စစ်ရှောင်နေရကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့ အင်တာနက်တွေ ပြတ်တောက်နေတဲ့အတွက် အသေးစိတ် အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–ရွှေဘို လမ်းမကြီးပေါ်က တချို့လမ်းပိုင်းတွေကို လက်နက်ကိုင်တွေဘက်က သွားလာခွင့် ကန့်သတ်ထားတာကြောင့် ခရီးသည်တင်ယာဉ် အပါအဝင် ကားတွေ ရာနဲ့ချီ ပိတ်မိနေပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013