Home
မြန်မာသတင်း
အာရှလမ်းမကြီးနှင့် ဒေါနတောင်အနီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
August 22, 2024

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမကြီးနဲ့ ဒေါနတောင်အနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ကင်းထောက်ပျံသန်းပြီး နေ့ည လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းမကြီးနဲ့ ဒေါနတောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ ဇူလိုင် ၂၆ ရက်က ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက လေကြောင်းကနေ ကင်းထောက်ပျံသန်းတာ၊ စကခ ၁၂ လက်အောက်ခံ အမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်တွင်းကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို နေ့ည ပစ်ခတ်နေပါတယ်။

ဩဂုတ် ၂၁ ရက် ည ၈ နာရီလောာက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လက်နက်ငယ်တွေနဲ့ပါ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မြို့တွင်းက ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်နေရပေမဲ့ ကုန်ဈေးနှုန်းနဲ့ လမ်းစရိတ်ကြီးမြင့်တာတွေကြောင့် ပြန်လည်တိမ်းရှောင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ညတုန်းက အလုံးကြီးထုတယ်၊ သေနတ်သေးသံတွေလည်း ကြားတယ်။ အခုနောက်ပိုင်းက ဖြစ်လည်း ပြေးမယ်ဆိုပြီးတော့ နေနေကြတယ်။  သွားလိုက် လာလိုက်နဲ့ ပိုက်ဆံတွေကုန်၊ စရိတ်တွေကကုန်နဲ့။ အခု ကုန်ဈေးနှုန်းတွေကလည်း ဈေးကြီးတယ်၊ အကုန်လုံးက အခက်အခဲတွေဖြစ်နေတယ်။ ဆက်နေရင်တော့ အဆင်မပြေဘူး၊ တချို့ အဆင်မပြေတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက်က တောနော်ရေတံခွန်မှာ တပ်စွဲနေတဲ့ အောင်ဇေယျစစ်ကြောင်းကို KNLA တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ကော့ကရိတ်မြို့အနီးကို ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ နေ့ညပစ်ခတ်တာ၊ လေကြောင်းကနေ ကင်းထောက်ပျံသန်းတာတွေ ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ဝင်ရဲရင် ပွဲတွေက အကြီးကြီးဖြစ်မယ်။ သူတို့က မဝင်ရဲဘူး။ ငြိမ်နေတာ တော်တော်ကြာပြီ။ တခါတလေ သူတို့ဘက်က လက်နက်ကြီးနဲ့ ရမ်းထုတာရှိမယ်။ ညပိုင်းတွေ ထုတာရှိမယ်၊ နေ့လယ်ပိုင်း လှမ်းထုတာတွေရှိမယ်။ ၁ ချက် ၂ ချက်လောက်ပါပဲ။ ပွဲကတာတော့ မရှိသေးဘူး။ လေယာဉ်ပတ်တာကတော့ ၃ ရက်ခြားတခါပတ်တယ်၊ ညပိုင်းပတ်တယ်၊ မနက်အစောကြီးပတ်တယ် အဲလောက်ပဲ။”

နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ၃ လနီးပါး ကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီး အပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိနာခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်က စတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော် ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024