ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ ပြည်သူ့စစ်တွေကို စစ်ကောင်စီတပ်က အကာအကွယ် မပေးတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တွေ လက်နက်တွေပြန်လည်အပ်နှံပြီး နုတ်ထွက်နေကြပါတယ်။
ဩဂုတ်လ ဒုတိယပတ်က KNLA တပ်ရင်း ၁ နယ်မြေ၊ ကျေးရွာတွေက ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၆၀ ကျော်ဟာ ဘားအံမြို့ စစ်ကောင်စီရဲ့ အမှတ် ၁၅၁ လျှပ်စစ်အလုပ်ရုံတပ်ခွဲမှာ လက်နက် ၆၀ အပ်နှံပြီး နုတ်ထွက်ခဲ့ပါတယ်။
ဒါ့အပြင် နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးတင်ဝင်းဆီကို လက်နက် ၁၁ လက် သွားရောက်အပ်နှံခဲ့ပါတယ်။ လုံခြုံမှုမရှိတော့တာကြောင့် စစ်ကောင်စီတပ်ထံ လက်နက်တွေ ပြန်လည်အပ်နှံပြီး နုတ်ထွက်ခဲ့တာလို့ ကျေးရွာတာဝန်ရှိသူက ပြောပါတယ်။
“KNU အဖွဲ့တွေက စီးနင်း(ထိန်းချုပ်)လာနိုင်တော့ အဲဒီမှာ ကြောက်ရွံ့စိတ်ရှိပြီးတော့ လက်နက်တွေ စစ်တပ်ဘက်ကို ပြန်အပ်လိုက်တယ်။ သိရသလောက် အခုအချိန်မှာ ဒီအတိုင်းပဲ ငြိမ်နေတယ်။ ဒီဘက်မှာတော့ ရပ်ရွာအတွက် ဘာမှအကျိုးမရှိဘူး။ သူတို့မလုပ်တော့ဘူး။ ဝန်ခံတယ်။ သူတို့ အေးအေးဆေးဆေး အလုပ်တွေပြန်လုပ်တယ်။”
ဩဂုတ် ၁ ရက်က စတင်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် စစ်ကောင်စီတပ်ကို လက်နက်အပ်နှံခဲ့ကြပါတယ်။
ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင် ၆၀ ကျော်ဟာ KNU နဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်ခင်ကတည်းက ဝင်းဒရယ်၊ ကျုံခန၊ နို့လာ၊ ဖောကလော်၊ မယ်ကလော၊ နို့ဖာဒို့၊ တံတားဦး စတဲ့ကျေးရွာတွေကို စစ်တပ်ဘက်က သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့ အနေနဲ့ ဖွဲ့စည်းခန့်အပ်ထားတဲ့သူတွေ ဖြစ်ပါတယ်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထု သွားလာလုပ်ကိုင်ရာမှာ အကျပ်ကိုင်တာတွေ ရှိတယ်လို့ တပ်မဟာ ၁ ခရိုင်အတွင်းရေးမှူးက ပြောပါတယ်။
တပ်မဟာ ၁ ခရိုင်အတွင်းရေးမှူး စောအေးနိုင်က “သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က အဆင်မပြေတော့ဘူး။ စစ်ကောင်စီဘက်ကလည်း သူတို့ကို ကာကွယ်မပေးနိုင်ဘူး။ သူတို့စိုးရိမ်လာလို့ ပေးထားတဲ့ လက်နက်တွေကို သွားရောက်ပြီး အပ်နှံခဲ့တယ်။ ပြည်သူ့စစ်တွေက လက်နက်ကိုင်ထားတော့ ပြည်သူတွေက ကြောက်တယ်။ ပြည်သူလူထု သွားလာလုပ်ကိုင်တဲ့ နေရာမှာလည်း အကျပ်ကိုင်တာတွေရှိတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းက ကျေးရွာတချို့မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေ၊ ရဲတွေ၊ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေဆီကနေ ငွေရယူပြီး ဖွင့်လှစ်ခွင့်ပြုတာတွေ ရှိပါတယ်။ ပြည်သူ့စစ်တွေ ပြည်သူကို ကာကွယ်တာမဟုတ်ရင် မရှိသင့်သလို မထားသင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “လောင်းကစားဝိုင်းတွေက ရွာတွေမှာဆိုရင်လည်း ကြားနေရတာပဲ။ သူတို့တွေက လောင်းကစားဝိုင်းတွေ ဖွင့်တယ်။ လက်နက်တွေကိုင်ပြီး လောင်းကစားဝိုင်းတွေလုပ်တော့ ပြည်သူတွေပါ ပျက်စီးတယ်။ အခုအချိန်မှာဆိုရင် ကျပ်တည်းနေတာ အကုန်လုံး ဒုက္ခရောက်ကြတယ်။ ဒီပြည်သူ့စစ်ဆိုတာ ပြည်သူကို ကာကွယ်တာမဟုတ်ရင် ရှိကို မရှိသင့်သလို ထားကို မထားသင့်ဘူး” လို့ ပြောပါတယ်။
ဒ့ါအပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံး ပြည်သူ့စစ်တပ်ဖွဲ့ဝင် မလုပ်တော့ဘဲ လက်နက်ပြန်အပ်တာတွေကို နယ်မြေခံ KNLA တာဝန်ရှိသူတွေဆီ ခံဝန်ကတိလက်မှတ်ထိုး အသိပေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်ခန့်