တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြည်သူ့ရင်ခွင်ထံ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတဲ့ ပြည်သူစစ်တဦးနဲ့ မိသားစုဝင်တွေကို ဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က သြဂုတ် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ဦးလှမျိုးနဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ ဇူလိုင် ၁၀ ရက်က နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်လာပြီး ပြည်သူ့ရင်ခွင်ထံ ဘက်ပြောင်းခိုလှုံလာတာ ဖြစ်တယ်လို့ သိရပြီး တော်လှန်ရေးရဲဘော်တွေက လုံခြုံရေးဆောင်ရွက်ပေးပြီး ခေါ်ဆောင်လာတာဖြစ်တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ တယောက်က ပြောပါတယ်။
“သူ့မိသားစုဝင်တွေကတဆင့် ဆက်သွယ်ချိန်မှာ ကျနော်တို့ဘက်က အာမခံချက် ပေးလိုက်တော့ ယုံယုံကြည်ကြည်နဲ့ ထွက်ပြေးလာတယ်။ လက်နက်ပါ တခါတည်း ယူဆောင်လာတယ်။ ရဲဘော်တွေက လုံခြုံရေးတာဝန်ယူပြီး ခေါ်လာတယ်။ သူတို့အနေနဲ့ နိုင်ငံရေးကိစ္စ မသိနားမလည်ဘဲ အသုံးချခံသက်သက် ဖြစ်တယ်ဆိုပြီး သူတို့သိလာချိန်မှာ ဒီဘက်ကို ထွက်ပြေးလာတာဖြစ်တယ်။ နိုင်ငံရေးအသိ နားမလည်တဲ့သူတွေကို စစ်တပ်က လက်နက်ပေး၊ ပိုက်ဆံပေးပြီး ခိုင်းစေတာလောက်ပဲရှိတယ်။”
ဦးလှမျိုးမှာ လောင်းလုံးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် မင်းသိန်း ဆိုသူ လက်အောက်မှာ အလုပ်လုပ်လာတာဖြစ်ပြီး ရေရှည်မှာ သူတို့အတွက် အသက်အန္တရာယ်နဲ့ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနိုင်တာကြောင့် အခုလို ဘက်ပြောင်းခိုလှုံလာတာ ဖြစ်တယ်လို့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ဘက်ပြောင်းခိုလှုံလာစဥ်က ပြည်သူ့စစ်အဖွဲ့ဝင် ဦးလှမျိုးမှာ AK ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ လက်ပစ်ဗုံး ၃ လုံးတို့ကိုပါ ယူဆောင်ထွက်ပြေးလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးလှမျိုးနဲ့ သူ့ရဲ့ မိသားစုဝင်တွေကို နွေဦးပြောက်ကျားတပ်ဖွဲ့ကနေ ဆုငွေ ၄၅ သိန်း ချီးမြှင့်ခဲ့သလို သူတို့ကို လုံခြုံတဲ့နေရာမှာ ထားရှိပြီး ပြည်ပနိုင်ငံ တနေရာကို ခရီးစဥ်နဲ့ စားစရိတ်အပြင် အလုပ်အကိုင်တွေနဲ့ပါ ချိတ်ဆက်ပြီး ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကိုလည်း ဆက်လက်ကြိုဆိုဖို့ရှိပြီး လက်နက်နဲ့တကွ အလင်းဝင်လာသူတွေကိုလည်း ထိုက်သင့်တဲ့ ဂုဏ်ပြုငွေတွေ ချီးမြှင့်သွားမယ်လို့လည်း နွေဦးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။