ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းက စစ်ကောင်စီသင်တန်းပေးထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီကာ နုတ်ထွက်သွားတယ်လို့ ပြည်သူ့စစ်ဌာနေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်သင်တန်း အပတ်စဥ် ၈ အထိသင်တန်းပေးခဲ့ပေမဲ့ တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်ကြောင်းနဲ့အတူလာရောက်ပူးပေါင်းခြင်းမရှိဘဲ လက်နက်ပြန် အပ်သူတွေ ရှိသလို အပြီးတိုင်နုတ်ထွက်သွားသူတွေလည်းရှိတယ်လို့ လပခနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"ရှမ်း-မန်း စစ်ဆင်ရေးမှာ ပြည်သူ့စစ်တွေက လုံးဝခေါ်လို့မရဘူး။ တချို့က လက်နက်ပြန်အပ်တယ်။ တချို့က လူကိုယ်တိုင်မလာဘဲ လက်နက်ကို တခြားပြည်သူ့စစ်တွေနဲ့ပေးပြီး နုတ်ထွက်သွားတယ်။ ပြဿနာက စစ်တပ်အပေါ် မယုံကြည်တော့တာ။”
တိုက်ပွဲကြောင့် နုတ်ထွက်သူတွေရှိသလို ပြည်သူ့စစ်တွေရဲ့ မိသားစုဝင်တွေကို PDF အဖွဲ့တွေက ခြိမ်းခြောက်လုပ်ကြံလာရာမှာ စစ်တပ်က အကူအညီမပေးနိုင်လို့ ပြည်သူ့စစ်အဖွဲ့က စွန့်ခွာသူ တွေလည်းရှိတယ်လို့ မကွေးပြည်သူ့စစ်အဖွဲ့ဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
"စစ်တပ်က ပြည်သူ့စစ်က နိုင်ငံတော်ရဲ့အရန်အင်အားလို့ပေမဲ့ တကယ်တမ်းအခွင့်အရေးမရှိဘူး။ တကယ်တမ်းမိသားစုနဲ့ယှဥ်လာရင် ကိုယ့်မိသားစုကိုပဲ ဦးစားပေးရမှာ အာ့ကြောင့် ပြည်သူ့ စစ်က ထွက်လိုက်တာ။”
အမှန်တကယ်တိုက်ရည်ခိုက်ရည်ရှိတဲ့ ပြည်သူ့စစ်တွေရှိပေမဲ့ စစ်တပ်ကလည်း ပြည်သူ့စစ်အဖွဲ့တွေကို ယုံကြည်မှုမရှိလို့ လက်နက်မတပ်ဆင်ပေးတာကြောင့် နုတ်ထွက်သူတွေလည်းရှိတယ်လို့ စစ်ကိုင်းပြည်သူ့စစ်မိသားစုဝင် တဦးက ပြောပါတယ်။
"အခုဖြစ်နေတာ တပ်ကလည်း ပြည်သူ့စစ်အဖွဲ့တွေကို မယုံဘူး။ လက်နက်မချပေးဘူး။ လက်နက်တပ်ဆင်ပေးလိုက်ရင် သူတို့ကိုပြန်ပြီးပုန်ကန်မှာစိုးလို့ လက်နက်ကိုင်ရတဲ့ ပြည်သူ့စစ်တွေက တပ်နဲ့အတူတူနေတဲ့သူတွေပဲချပေးတာ။ ဘယ်သူမှ အသေမခံတော့ဘူး။ အာကြောင့်ထွက်ကြတာ။”
ရှမ်း-မန်း စစ်ဆင်ရေးမှာ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းသင်တန်းကျောင်းက နည်းပြချုပ်ဒုဗိုလ်မှူးကြီး အပါအဝင် ၁၅ ဦးဖမ်းဆီးခံရတဲ့ အကျိုးဆက်လည်းဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ မန္တလေးမှာ ၃၁ ဦး မကွေးနဲ့ စစ်ကိုင်းမှာ ၈၃ ဦး ပြည်သူ့စစ်ဌာနေအဖွဲ့က ဇူလိုင်လအတွင်း နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။