စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ၁ လခွဲကြာပိတ်ခဲ့တဲ့ ကလေးဝ-မဟာမြိုင်လမ်းကို ဇူလိုင် ၁၇ ရက် မနက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ပြန်ဖွင့်ပေးလိုက်ပြီလို့ ဒေသခံတွေနဲ့ယာဉ်လိုင်းတွေဆီက သိရပါတယ်။
ကလေးမြို့ခံတဦးက “အတက်ကားတွေကို မနေ့က မြို့ထဲပေးဝင်ခဲ့တယ်။ ကားအားလုံးတော့ မဝင်ခဲ့သေးဘူး။ အဆင်းကားတွေကို လွှတ်မလွှတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဇွန်လပထမပတ်ကတည်းက ကလေးဝ-မဟာမြိုင်ကားလမ်းမပေါ်က အောင်ချမ်းသာရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်းကြောပိတ်နေခဲ့တာပါ။
ကလေးဝ-မဟာမြိုင်လမ်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ကလေးခရိုင်တာဝန်ရှိသူတဦးက “ ကျနော်တို့ မနေ့က မနက် ၉ နာရီမှာ ကားအားလုံးကို လွှတ်ပေးပါတယ်။ အတက်ကားစုစုပေါင်း အစီး ၂၀၀ ကျော်လောက် ထွက်သွားကြပြီ။ အဆင်းကားတွေလည်း သွားလာခွင့်ပေးထားတယ်ဗျ။ စစ်ရေးအခြေအနေအရတော့ ပိတ်ရတာတွေရှိတဲ့အတွက် နားလည်ပေးကြပါလို့ပဲ ပြောချင်တယ်” လို့ DVB ကို ပြောပါတယ်။
ကားလမ်းအချိန်ကြာမြင့်စွာပိတ်ထားမှုကြောင့် ဇူလိုင် ၈ ရက်က ကလေးဝ-မဟာမြိုင်လမ်းမပေါ်မှာ နယ်မြေခံ PDF တပ်ဖွဲ့ဝင်တွေနဲ့ ကားသမားတွေကြား အဓိကရုဏ်းဖြစ်ပွားပြီးတဲ့နောက် ဇူလိုင် ၁၇ ရက် ဒီနေ့မှာ လမ်းကို ဖွင့်ပေးခဲ့တာပါ။
ကားလမ်းပိတ်နေတာကြောင့် ကလေးမြို့၊ တမူးမြို့နှင့် ကလေးဝမြို့တွေမှာ စက်သုံးဆီတွေနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့ပြီး ဒေသခံတွေ အခက်တွေ့ခဲ့ရပါသေးတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်ဂေါ လမ်းကြော ပိတ်နေတာ ၃ နှစ်ကြာမြင့်နေပြီ ဖြစ်တာကြောင့် ကလေးမြို့၊ တမူးမြို့နဲ့ ကလေးဝမြို့က ဒေသခံတွေဟာ ကုန်စည်ဆက်သွယ်ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလာရေးပိုင်းမှာ ကလေးဝ-မဟာမြိုင်လမ်းကိုပဲ အဓိကဦးစားပေး အသုံးပြုနေရတာ ဖြစ်ပါတယ်။