Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ်က ရွာများတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ စစ်ရေးပြင်
DVB
·
July 18, 2024

မွန်-ကရင်နယ်စပ်က ရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေဘက်ကပါ စစ်ရေးပြင်ဆင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်ကကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။

ဇူလိုင်ဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီက မြေပြင်၊ ရေပြင်ကနေ ထပ်မံ အင်အားဖြည့်တင်းနေတဲ့အပြင်  စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းကနေ ပြန်လည်ထွက်ခွာသွားတာမရှိဘဲ  ကျွန်းကုန်းရွာကနေ ကော့ဝမ်းရွာအထိ စစ်အင်အား တိုးချဲ့ချလာတယ်လို့  ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ဘက် စစ်ရေးပြင်ဆင် ကျနော်တို့လည်းပြင်ဆင်နေတယ်။ သူတို့ဘက်က ကျွန်းကုန်းကနေ ကော့ဝမ်းအထိ တိုးလာတယ်။ စစ်အင်အားက တိုးချဲ့ချလာတယ်။ ဓမ္မသပ်မှာဆိုရင် သံချပ်ကာကား ၂ စီးထားထားတယ်။ သူတို့ဘက်က စစ်ရေးပြင်ဆင်တာ တော်တော်လေးကို ထိထိရောက်ရောက်ပြင်ဆင်တာကို တွေ့နေရတယ်။”

ဧပြီ ၂၅ ရက်က ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင် ရောက်နေထိုင်ဖို့ ဖိအားပေးခေါ်ယူခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်း နဲ့ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အပြင် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ခဲယမ်းတွေ ဖြည့်တင်းထားတာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက “တိုက်ပွဲတွေက ထပ်ဖြစ်ဖို့ရှိတယ်။ မွန်ပြည်သစ်ပါတီနဲ့ BGF ၂ ခုက သူတို့လှုပ်ရှားတာ ပြင်ဆင်တာတွေများတယ်။  သူတို့ လက်နက်တွေ ဖြည့်ထားတာရှိတယ်။  ဂျိုင်းမြစ်တလျှောက် ကော့ဘိန်း၊ ဓမ္မသ တို့မှာ အရင်ထက် အမြောက်ကြီးတွေ ထပ်ဖြည့်ထားတာရှိတယ်။ လူတွေကတော့ အရိပ်မပြသေးဘူး။ အရပ်ဝတ်ပုံစံနဲ့ သွားလာနေကြတယ်။ ဒေသခံတွေက တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀၀၀၀ ကျော်၊ ဒေသခံ ၁၀၀,၀၀၀ လောက်ဟာ ဆွေမျိုးတွေနဲ့ နီးစပ်ရာဘုန်ကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး မိုးကာလ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဇူလိုင် ၁၈  ရက်အထိ စစ်ကောင်စီက သံချပ်ကာယာဉ်တွေနဲ့ ခရုံဂူလမ်းဝကနေ ရမ္မာဝတီကားလမ်းတလျှောက် အင်အားဖြည့်တင်းပြီး ထိန်းချုပ်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013