မြန်မာနိုင်ငံက ကမ္ဘာမှာ တီဘီရောဂါအဖြစ်အများဆုံးနိုင်ငံတွေထဲ ပါဝင်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ တီဘီရောဂါ ဖြစ်ပွားနှုန်းတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဆေးကုသမှုခံယူရသူ မတိုးတက်လာတဲ့အတွက် ကုသမှုမရရှိတဲ့ တီဘီလူနာတွေကတဆင့် တီဘီရောဂါနဲ့ ဆေးယဉ်ပါးတီဘီဖြစ်နှုန်း ပိုများလာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“တီဘီရောဂါက လေကတဆင့်အလွယ်တကူ ကူးစက်တတ်တာကြောင့် တီဘီရောဂါသည် ထိန်းချုပ်ရခက်တယ်။ အနည်းဆုံး ပိုးသတ်ဆေး ၄ မျိုးနဲ့ ၂ လ၊ ဆေး ၂ မျိုး နဲ့ ၄လ ကုသမှု ခံယူရသော ဆေးတိုးတီဘီသာမကဘဲ ပိုမိုအစွမ်းထက်တဲ့ ပိုးသတ်ဆေးတွေနဲ့ ဂရုတစိုက်ကုသဖို့ လိုတဲ့ ဆေးယဉ်ပါးတီဘီ ဒါတွေကိုလည်း ရှာဖွေကုသဖို့ ခက်ခဲလာတယ်။ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းများလည်း ၂၀၂၀ နောက်ပိုင်းမှာ သိသိသာမြင့်မားလာပေမဲ့လည်း ဆေးကုသမှုခံယူရသူက အဲ့လောက်ကြီး မများလာဘူး။ ဒါ့ကြောင့် ကုသမှုမရရှိတဲ့ တီဘီလူနာတွေကတဆင့် ပြည်သူလူထုထဲမှာ တီဘီရောဂါနဲ့ ဆေးယဉ်ပါးတီဘီတွေ ပျံ့နှံ့မှု များပြားလာနိုင်ပါတယ်။”
တိုက်ပွဲဖြစ်ပွားဒေသက ပြည်သူတွေအနေနဲ့ ရွှေ့ပြောင်းသွားလာမှုတွေ များလာသလို တီဘီရောဂါရှာဖွေရေး၊ ကာကွယ်ကုသရေးအတွက်လည်း ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်း မရှိတာ၊ ရောဂါရှာဖွေရေးစက်ကိရိယာ မရှိတာ၊ ဆေးဝါး မလုံလောက်တာနဲ့ သွားလာရေး အခက်အခဲတွေကြောင့် တီဘီလူနာတွေ့ရှိမှု ကျဆင်းလာတယ်လို့ ဆိုပါတယ်။
လူနာအသစ်တွေအနေနဲ့ကလည်း ဆေးကုသမှုနှောင့်နှေးကြန့်ကြာမှုများတာ ရောဂါပြင်းထန်တာ၊ ဆေးဝါးပြတ်လပ်တာနဲ့ ဆေးသောက်သုံးမှုအပေါ် ကြီးကြပ်မှုအားနည်းနေတာတွေကြောင့် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု အန္တရာယ်ကြီးမားလာနေတယ်လို့ သိရပါတယ်။
တာဝန်ရှိသူက“လွတ်မြောက်နယ်မြေတွေနဲ့ တိုင်းရင်းသားဒေသတွေကို လိုအပ်ဆေးပစ္စည်းတွေ သယ်ယူပို့ဆောင်လို့ မရအောင် ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးခဲ့လို့ များစွာ အခက်အခဲဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းအများစုကလည်း အာဏာရှင်ကိုသာ ကူညီနေကြတဲ့အတွက် အထောက်အပံ့တွေကို ပြည်သူတွေက အကျိုးမခံစားရဘဲ သဲထဲရေသွန်သာဖြစ်နေတာပါ။ နောက်ပိုင်းမှာဆို တီဘီရောဂါကြောင့် လူမှုစီးပွားအခြေအနေ ကျဆင်းလာနိုင်ပြီး ဒေသတွင်းနဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။
အာဏာမသိမ်းခင်က နှစ်စဉ် ခန့်မှန်း တီဘီလူနာရဲ့ ၇၀-၇၅ ရာခိုင်နှုန်းလောက် ရှာဖွေကုသမှုပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ ခန့်မှန်းတီဘီလူနာသစ်ရဲ့ ၃၃ ရာခိုင်နှုန်း (ခန့်မှန်းလူနာ ၁၉၄,၀၀၀ မှာ လူနာ ၆၄,၄၁၀)၊ ၂၀၂၂ ခုနှစ်မှာ ခန့်မှန်းတီဘီလူနာသစ်ရဲ့ ၄၆ ရာခိုင်နှုန်း (ခန့်မှန်းလူနာ ၂၅၇,၀၀၀ မှာ လူနာ ၁၁၈,၃၁၁) သာ ရှာဖွေကုသပေးနိုင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ရဲ့ Global TB report အစီရင်ခံစာတွေအရ သိရပါတယ်။
စာရင်းတွေထဲမှာ တိုင်းရင်းသားနဲ့ NUG ထိန်းချုပ်စိုးမိုးထားတဲ့ လွတ်မြောက်နယ်မြေနဲ့ တိုင်းရင်းသာနယ်မြေဒေသတွေ မပါဝင်ဘူးလို့ သိရပါတယ်။