Home
မြန်မာသတင်း
မြို့နယ် ၃ ခုတွင် လေယာဉ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံး ဒဏ်ရာရ
DVB
·
July 18, 2024
Photo Crd-ယောအလင်းတန်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ ဇူလိုင် ၁၇ ရက်က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးစထိမှန်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း၊ ညောင်သုံးပင်ရပ်ကွက်က အမျိုးသားတဦး၊ စစ်တန်းရပ်ကွက်က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ သေဆုံးခဲ့တာလို့ နီးစပ်သူတဦးက ပြောပါတယ်။

“အိမ်နားကို လက်နက်ကြီးကျပြီး အစထိမှန်ကြတာ။ အမျိုးသားတယောက်က ဗိုက်တခြမ်းပွင့်ထွက်ပြီး နေရာတင်သေတယ်၊ အမျိုးသမီးက ဆီးခုံပွင့်ထွက်ပြီး သေတယ်။” 

မိုးကုတ်မြို့အရှေ့ပိုင်းစစ်တပ်တပ်စွဲထားတဲ့ ညောင်သုံးပင်၊ ဗမွန်၊ ချမ်းမြေ့သာယာ၊ စစ်တန်းနဲ့ မင်းတံတားရပ်ကွက်တွေမှာ ဇူလိုင် ၁၇ ရက်က တိုက်ပွဲ ဖြစ်ခဲ့ပြီး နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သလို မီးလောင်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ ဟပ်ဖလားရပ်ကွက်ထဲကိုလည်း ဇူလိုင် ၁၇ ရက်က လက်နက်ကြီးကျတာကြောင့် နေအိမ်မီးလောင်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရထားပါတယ်။

မိုးကုတ်မှာ ဇွန် ၂၅ ရက်ကစတင်ပြီး စစ်တပ်နဲ့ TNLA တပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် မြို့အဝင်အထွက်လမ်းတွေပိတ်နေပြီး မြို့နေပြည်သူအများစုပိတ်မိနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ရပ်ကွက်တွေအနီး တိုက်ပွဲဖြစ်နေတဲ့အပြင် အရပ်သားထိခိုက်မှုတွေလ​ည်း ရှိလာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဒဏ်အပြင် စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရပါတယ်။ ဒါ့အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်တာကြောင့် တချို့ရပ်ကွက်တွေမှာ သတင်းအချက်လက်ရရှိမှု အားနည်းတာတွေ ရှိလာနေပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်လို့ အရပ်သားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထုဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၇ ရက် ည ၈ နာရီမှာ ကျောက်ထုအမြောက်တပ်ကနေ အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ၁၅ ချက်ကျော် ပစ်ခတ်ခဲ့တာပါ။

၁၂၀ မမ လက်နက်ကြီးတလုံးက ကြန်တောရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ည ၈ နာရီခွဲ ဝန်းကျင်မှာ ဦးခေါင်းထိမှန်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ကြန်တောရွာသား ဦးဝင်းအောင်ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ထုဒေသခံတဦးက “ဒီရက်ထဲမှာတော့ လက်နက်ကြီးနဲ့ ပစ်တာရော ဒရုန်းနဲ့ချတာတွေရော ဆက်တိုက်လုပ်နေတာ။ ကြန်တောရွာနဲ့ အနီးဝန်းကျင်ရွာတွေကိုလည်း ကျတယ်။ ကြန်တောမှာတော့ အသက်ကြီးပိုင်း ၃ ယောက်ထိတာ ၁ ယောက်ကတော့ ဆုံးသွားတယ်၊ ကျန်တဲ့ ၂ ယောက်လည်း ဒဏ်ရာများတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၁၆ ရက် ညကလည်း ကျောက်ထုအမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးက ပန်းဆန်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၇ ရက် မွန်းတည့် ၁၂ နာရ်ခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ မင်းတပ်မြို့နယ် တိုက်နယ် ၁၂ ထဲက ကျေးရွာ ၁ ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲခံရမှုကြောင့် အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်ဒေခံတဦးက ပြောပါတယ်။

“မင်းတပ်အနောက်ဘက်ခြမ်းဘဲ၊ ရွာအမည်အတိအကျက လုံခြုံရေးအရပြောပြဖို့ အဆင်မပြေလို့ အမျိုးသား ၁ ယောက်ဆုံးတယ်၊ လူငယ်အမျိုးသမီး ၁ ယောက် ဒဏ်ရာရတယ် သိပ်တော့ မစိုးရိမ်ရဘူး၊ ဗုံးကျလို့ ရွာထဲက ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်။” 

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ကာကွယ်ရေးရဲဘော်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် “အာရောဂျံ” ကမ်ပိန်းပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013