Home
မြန်မာသတင်း
ဧလာလေတပ်စခန်းတိုက်ခိုက်မှုတွင် လေတပ်ဖွဲ့ဝင်  ၃၀ ကျော်သေဆုံးဟု  BWM ထုတ်ပြန်
DVB
·
July 18, 2024

နေပြည်တော်၊ ဧလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့မှုမှာ  လေတပ်အတွင်းရှိ ဒရုန်းတွေထားတဲ့ ဂိုဒေါင်ပြိုကျပြီး ဓာတုဗုံးပြင်ဆင်တဲ့ ဂိုဒေါင်ရုံလည်းပျက်စီးသွားကာ အရာရှိအဆင့်တွေ အပါအ၀င် လေတပ်က တပ်ဖွဲ့ဝင်  ၃၅ ဦးထက်မနည်းသေဆုံးသွားတယ်လို့  တိုက်ခိုက်ခဲ့တဲ့ BWM အဖွဲ့က ပြောပါတယ်။

ဇူလိုင် ၁၆  ရက်က အေလာလေတပ်စခန်းကို   ရှော့တိုက်ဒုံး ၅ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ထပ်မံသိရှိရတဲ့ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar (BWM) အဖွဲ့က ဇူလိုင် ၁၇ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

BWM အဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “ဧလာလေတပ်စခန်းကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ၁၆ ရက်နေ့က ကနဦးသတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖရဲသီးတွေက ပေးပို့လို့ နောက်ဆက်တွဲထပ်မံရရှိထားတဲ့ အခြေအနေတွေကို ပြည်သူတွေသိရှိ ၀မ်းမြောက်စေဖို့ ထပ်မံထုတ်ပြန်ပေးလိုက်တာပါ။ လေတပ်အတွင်းက ဒရုန်းတွေထားတဲ့ ဂိုဒေါင်ပြိုကျပြီး အဆိပ်ငွေ့ဗုံးပြင်ဆင်တဲ့ ဂိုဒေါင်ရုံလည်းပျက်စီးသွားတယ်။ လေယာဥ် ၃ စင်းနဲ့ အရာရှိအဆင့်တွေအပါအ၀င် လေတပ်၀န်ထမ်း ၃၅ ထက်မနည်းသေတယ်လို့ သတင်းထပ်ရပါတယ်” လို့ DVB ကို ပြောပါတယ်။

ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် အေလာလေတပ်စခန်းက လေတပ်အရာရှိ ၄ ဦးနဲ့ အခြားအဆင့်စစ်သည် ၁၂ ဦးသေဆုံးကာ A-5 Bomber Jet Fighter ၁ စီး သုံးမရတော့လောက်အောင် ပျက်စီးသွားပြီး Jet Fighter ၁ စီးလည်း ခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကာ Y-12 Military Transport Aircraft ၁ စီးလည်း ထိခိုက်ပျက်စီး​သွားတယ်လို့ ဆိုပါတယ်။

BWM အဖွဲ့ရဲ့ တာ၀န်ခံတဦးက“မနေ့က ကျနော်ပြောခဲ့တဲ့အထဲမှာ လေတပ်ရဲဘော် ၇ ယောက် ပျောက်နေတယ်ဆိုတာမမှန်ဘူး။ ဒရုန်းတွေထားတဲ့ ဂိုဒေါင်ထိမှန်လို့ ဒုန်းတွေရွှေ့ပြောင်းနေချိန်မှာ ဂိုဒေါင်ပြိုကျလို့ ၁၅ ယောက်ထက်မနည်း ပျောက်နေတယ်လို့ သတင်းပို့လာပါဗျ။ တိုက်ခိုက်တဲ့နေ့က နေရာမှာတင် သေတာက အရာရှိ ၃ ယောက်အပါအ၀င် ၁၆ ယောက်ထက်မနည်းဘူး။ စုစုပေါင်းသေတာဆို ၃၅ ယောက် ထက်မနည်းဘူးဗျ။ လေယာဥ် ၃ စင်းလည်း ပျက်စီးသွားတယ်။ ဓာတုဗုံးတွေထားတဲ့ ဂိုဒေါင်လည်း ပျက်စီးသွားတယ်။ သူတို့တွေဘက်က ဆုံးရှုံးမှုမနည်းဘူး” လို့ ပြောပါတယ်။

ဧလာလေတပ်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့ကြတဲ့ BWM နဲ့ မဟာမိတ်အဖွဲ့တွေက ရဲဘော်တွေ တဦးတယောက်မှ အဖမ်းမခံရဘဲ စခန်းအသီးသီးဆီကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဓာတုဗုံး (ခေါ်) အဆိပ်ဗုံးတွေကို အေလာလေတပ်အတွင်းက သိုလှောင်ရုံ တင်မက အဆိုပါလေတပ်အတွင်းမှာ ထုတ်လုပ်နေလားဆိုတာကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

BMW နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ဧလာလေတပ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က ၁ ကြိမ်နဲ့ ဇူလိုင် ၁၆ ရက်က ၁ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့အဆိပ်ငွေ့ဗုံးဂိုဒေါင်ရုံထိခိုက်ခဲ့တာ ၂ ကြိမ်ရှိသွားပြီလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုဟာ Mountain Knights Civilian Defense Force (MKCDF)၊ Mercury Revolution Force (MRF) နဲ့ Brave Warriors for Myanmar (BWM) အဖွဲ့တို့ဟာ တစိုက်မတ်မတ် ပူးပေါင်းဖော်ဆောင်နေတဲ့ လေတပ်ချေမှုန်းရေးစီမံချက် အစိတ်အပိုင်း တရပ်ဖြစ်ပြီး နောက်ထပ်လည်း အခုလိုတိုက်ခိုက်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့  ပြည်သူတွေအနေနဲ့လည်း ဆက်လက်ဝန်းရံပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဧလာလေတပ်စခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးတဲ့အပြင် ဧလာလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှာကြောင့် ထိခိုက်သေဆုံးပျက်စီးမှုတွေ အများအပြားရှိတယ်လို့သိရပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013