Home
မြန်မာသတင်း
ရေစကြိုမြို့နယ်တွင်  ရေဘေးသင့်ပြည်သူ သိန်းချီ အကူအညီလိုအပ်နေ
DVB
·
July 18, 2024
Photo Crd-ရေစကြို ပကဖ
Photo Crd-ရေစကြို ပကဖ
Photo Crd-ရေစကြို ပကဖ
Photo Crd-ရေစကြို ပကဖ
Photo Crd-ရေစကြို ပကဖ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာတွေက သိန်းချီတဲ့ရေဘေးသင့်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးတွေအတွက် အကူအညီတွေလိုအပ်နေပါတယ်။

ရေဘေးသင့်ပြည်သူတွေကို စစ်ကောင်စီတပ်ဘက်ကကူညီဆောင်ရွက်ပေးတာတွေမရှိဘဲ ဒေသခံပရဟိတအဖွဲ့တွေ၊ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေကသာ ကူညီဆောင်ရွက်ပေးနေကြတယ်လို့  ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာရဲ့ ရေဘေးသင့်ပြည်သူတဦးက ပြောပါတယ်။

“အခုလဆန်းပိုင်းကတည်းက ရွာတွေထဲရေတွေ၀င်လို့ ရေဘေးရှောင်လာကြရတာပါ။ တမိသားစုလုံးပဲ။ နွားတွေလည်းပါတယ်။ တရွာလုံးရှောင်ကြရတာပေါ့။ နေရထိုင်ရတာကအစ ဖြစ်သလိုပဲ။ ဟိုတစု ဒီတစုနေကြတာပေါ့ဗျာ။ ၃ ပါတ်လောက်ရှိပြီဆိုတော့ အဓိကက လူစာ နွားစာ အခက်အခဲဖြစ်တာပါ။ ကြာလာတော့ အဆင်မပြေကြတော့ဘူး။ ပြည်သူတွေမှာ အခက်အခဲတွေအများကြီးဖြစ်နေကြပြီ။”

ဧရာ၀တီမြစ်နဲ့ ချင်းတွင်းမြစ်တွေဟာ ရေစကြိုမြို့နယ်အတွင်းကနေ ဖြတ်သန်းစီးဆင်းတာဖြစ်ပြီး အဆိုပါမြစ်တွေရဲ့ မြစ်ရေချိန်မြင့်တက်မှုကြောင့် မြစ်နားနီးတဲ့ကျေးရွာတွေနဲ့ တောင်ယာစိုက်ခင်းတွေဟာ ရေနစ်မြုပ်သွားကြတဲ့အတွက် ဒေသခံပြည်သူတွေဟာ ရေလွတ်ရာနေရာတွေကို ရွာလုံးကျွတ်ပြောင်းရွှေ့နေထိုင်နေကြရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့၀င်တဦးက “ကျနော်တို့အဖွဲ့အပါအ၀င် တခြားပရဟိတအဖွဲ့တွေကလည်း တတ်နိုင်သလောက်တော့ ကူညီဆောင်ရွက်ပေးနေကြပါတယ်။ စစ်တပ်ကမီးရှို့တဲ့ရွာတွေက မီးဘေးသင့်ပြည်သူတွေကို ကူညီပေးရတာနဲ့ မြစ်ရေလျှံလို့ ရေဘေးသင့်ပြည်သူတွေကိုကူညီရတာနဲ့ဆိုတော့ ပရဟိတအဖွဲ့တွေလည်း မနားကြရပါဘူးဗျာ” လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်အတွင်း မြစ်ရေတွေထူးကဲမြင့်တက်လာပြီး ဇူလိုင် ၅ ရက်ကတည်းက ရေကြီးရေလျှံခဲ့တာကြောင့် ဒေသခံပြည်သူသိန်းချီးပြီး ရေဘေးသင့်ခဲ့ရတဲ့အပြင် ဒေသခံတွေရဲ့ တောင်ယာစိုက်ခင်းတွေဟာလည်း ရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတဦးက “ရေစကြိုမြို့နယ်ထဲကရွာပေါင်း ၁၃၀ နီးပါးက အိမ်ထောင်စုပေါင်း ၂၇၀၀၀ ကျော်၊ လူဦးရေပေါင်းတသိန်းနီးပါးက သူတို့နဲ့နီးစပ်တဲ့ ရေလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ တလနီးပါးရှိပြီဆိုတော့ နေရာထိုင်ခင်း၊ အစားအစာ၊ ဆေး၀ါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအများကြီး လိုအပ်နေပါတယ်။ ရေနစ်သွားတဲ့ တောင်ယာစိုက်ခင်းအားလုံးလည်း ပျက်စီးကုန်ပါတယ်” လို့ ပြောပြပါတယ်။

ရေစကြိုမြို့နယ်က ပြည်သူအများစုဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုဒဏ်၊ ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေ ခံစားနေရတဲ့အပြင် ရေဘေးနဲ့ပါ ထပ်ဆင့်ခံစားနေရတဲ့အတွက် ပြည်တွင်း ပြည်ပက အလှူရှင်တွေအနေနဲ့ ကူညီလှူဒါန်းပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားတယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013