Home
မြန်မာသတင်း
သထုံရထားလမ်း မိုင်းဆွဲခံရပြီး မော်လမြိုင်-ရန်ကုန်ရထားလမ်းချော်၊ ညောင်ကျိုး-အင်္ဂပူလမ်း ရေကျော်ပြီး ယာဉ်များပိတ်မိ
DVB
·
July 17, 2024
Photo Crd-ရဲထွဏ်းခိုင်
Photo Crd-ရဲထွဏ်းခိုင်

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ရထားလမ်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ခရီးသည်တွေ လိုက်ပါလာတဲ့ မော်လမြိုင်-ရန်ကုန် ၈၂ အစုန် ရထားတွဲဆိုင်းတချို့ လမ်းချော်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်၊ ပုတီးကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၂၃/၇ နဲ့ ၈ ကြားမှာ ရထားလမ်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ဇူလိုင် ၁၇ ရက် မနက် ၁၁ နာရီခွဲလောက်က ခရီးသည်တွေ လိုက်ပါလာပြီး မော်လမြိုင်ဘက်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ၈၂ အစုန်ရထား လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

မိုင်းခွဲတိုက်ခိုက်တဲ့နေရာမှာ ရထားသံလမ်း ၆ ပေလောက် ပြတ်တောက်ထားတာကြောင့် စက်ခေါင်းအပါအဝင် ရထားတွဲ ၃ တွဲ လမ်းချော်ခဲ့ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“မိုင်းခွဲလိုက်တာက ညတည်းကခွဲတာလား၊ မနက်တုန်းက ခွဲတာလား ဆိုတာ သေချာမသိဘူး။ ဘူတာရုံက ဝန်ထမ်းတွေတောင် မသိဘူး။ ဒီမနက် ပုံမှန်အတိုင်း မော်လမြိုင်ဘက်ကလာတဲ့ လူစီးအစုန်ရထားက အဲ့နေရာရောက်တဲ့အချိန် လမ်းချော်သွားတာ။ လူထိခိုက်မှုမရှိသလို ရထားလည်း ထွက်မရသေးဘူး။ ဘာကြောင့်ခွဲတယ်ဆိုတာတော့ သေချာမသိဘူး။”

ပျက်စီးသွားတဲ့ ရထားသံလမ်းနဲ့ လမ်းချော်သွားတဲ့ ရထားတွဲတွေကို ပြုပြင်ဖို့အတွက် မီးရထားဝန်ထမ်းတွေက သွားရောက်စစ်ဆေးနေတယ်လို့ မော်လမြိုင်ဘူတာကြီးက မီးရထားဝန်ထမ်းတဦးက ပြောပါတယ်။

သထုံမှာ ရထားလမ်းမိုင်းခွဲမှုကြောင့် မော်လမြိုင်ကနေ ထွက်လာတဲ့ရထား လမ်းချော်နေတဲ့အတွက် ရန်ကုန်ကနေ မော်လမြိုင်ကိုလာတဲ့ ရထားလည်း ကျိုက်ထိုဘူတာမှာ ရပ်နားထားရတယ်လို့ ‌ကျိုက်ထိုဒေသခံတဦးက ပြောပါတယ်။

သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ တံတားတစင်းလည်း ဇူလိုင် ၁၆ ရက် ညပိုင်းက မိုင်းဖောက်ခွဲခံရတာကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ညောင်ကျိုး-အင်္ဂပူကားလမ်းပေါ် ဧရာဝတီမြစ်ရေ ကျော်တက်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်္ဂပူမြို့နယ်၊ ကညင်တပင်ကျေးရွာနဲ့ မကျီးစုကျေးရွာအနီးက ညောင်ကျိုး-အင်္ဂပူ ကားလမ်းပိုင်းပေါ်ကို ဇူလိုင် ၁၇ ရက် မနက်ပိုင်းကစပြီး ဧရာဝတီမြစ်ရေ ကျော်တက်နေတာကြောင့် ယာဉ်တွေသွားလာမရဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဒီနေ့မနက်ကတည်းက ရေကျော်နေလို့ သွားမရတာ။ အခု ရေကျော်တက်နေတဲ့ လမ်းပိုင်းက ကမ်းပြိုကျနေတဲ့နေရာနဲ့ တဆက်တည်းဆိုတော့ အန္တရာယ်က ပိုရှိတယ်လေ။ မြစ်ရေက အဆမတန်ကို ဆက်တိုးနေတော့ သွားလို့ကိုမရတာ” လို့ ပြောပါတယ်။

အဲဒီ ကားလမ်းရေကျော်နေလို့ ဆိုင်ကယ်နဲ့ ကားအစီးရေ ၅၀ ထက်မနည်း မဖြတ်ကူးရဲဖြစ်နေပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မြို့နယ်တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးက “ရေထပ်တိုးလာရင်တော့ လုံးဝအန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်သွားပြီ။ အခုတောင် သွားမရဘူးလေ။ ရေကျော်နေတဲ့နေရာက ကမ်းပါးက ထပ်ပြိုကျနေတော့ ဆိုးတာ။ အန္တရာယ်ရှိတယ်ဆိုပြီး တာဝန်ရှိသူတွေတော့ သတိပေးနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

အဲဒီ ကားလမ်းရေကျော်နေတာကို ပြည်သူတွေ သတိပြုသွားလာဖို့အတွက် ရပ်ကွက်နဲ့ အုပ်ချုပ်ရေးမှူးတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ညောင်ကျိုးနယ်မြေခံ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သတိပေး လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း အင်္ဂပူမြို့နယ် အင်္ဂပူ-ညောင်ကျိုး ကားလမ်းပေါ် ဧရာဝတီမြစ်ရေ မြင့်တက်ရေကျော်နေချိန် လမ်းဖြတ်ကူးတဲ့လူတယောက် ရေစီးနဲ့ မျောပါခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013