ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အသက် ၂၀ အရွယ် လူငယ်တယောက်ကို စစ်မှုထမ်းသင်တန်းကနေ ထွက်ပြေးလို့ဆိုပြီး စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ အဲဒီလူငယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းသင်တန်းကနေ ထွက်ပြေးလို့ဆိုပြီး စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူငယ်ဟာ မော်လမြိုင်ကျွန်းမြို့နယ် ကျွန်းသစ်ကျေးရွာက အသက် ၁၉ နှစ်ကျော်အရွယ်သာ ရှိသေးတဲ့ ဝေယံထက် ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်သတ်ခံရတဲ့လူငယ်နဲ့ နီးစပ်သူတယောက်က “ဘယ်နေ့က ပစ်သတ်ခံရတာလဲတော့ မသိဘူး။ ဇူလိုင်လ ၁၄ ရက်နေ့က နာရေးလုပ်ပြီးတော့ သူ့ရဲ့မိသားစုတွေကို အကြောင်းကြားတာ။ သင်တန်းမှာ ထွက်ပြေးလို့ သေနတ်နဲ့ ပစ်လိုက်တာ လက်လွန်သွားတာလို့ အကြောင်းကြားတာတဲ့။ အခုပစ်သတ်ခံရတဲ့ ကလေးက အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေလို့ မြို့နယ်စစ်ကောင်စီနဲ့ ပေါင်းပြီး အတင်းဖိအားပေးလို့ စစ်သင်တန်းတက်နေရတဲ့ ကလေးပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူကတဦးက “ပစ်သတ်ခံရတဲ့ဖြစ်စဉ်က မှန်တယ်။ အကြောင်းပြချက်ကတော့ ထွက်ပြေးလို့ပေါ့။ ဒီသတင်းကို ပိတ်ထားခိုင်းတာ။ ပစ်သတ်ခံရတဲ့ကောင် မဲပေါက်လို့ စစ်မှုထမ်းသင်တန်း တက်ရတဲ့သူပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အသက် ၁၉ နှစ်ကျော်သာ ရှိသေးတဲ့ လူငယ် ဝေယံထက် ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ မိသားစုကို အကြောင်းကြားတာပဲရှိပြီး အလောင်းပြန်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်း တက်နေရတဲ့ လူငယ်အများစုဟာ ကိုယ့်စိတ်ဆန္ဒမပါဘဲ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားပေးမှုတွေကြောင့် စစ်မှုထမ်းစစ်သားအဖြစ် စုဆောင်းခံနေရတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။