ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ အလုပ်ဆင်းလာတဲ့ စက်ရုံကြိုပို့ ဖယ်ရီ ကားတွေကိုပါ စစ်ကောင်စီတပ်က တားဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှိုင်သာယာမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း ရှောင်တခင်စစ်ဆေးမှုတွေ ဆက်တိုက်ရှိနေပြီး စစ်ဆေးတဲ့နေရာတွေမှာ လမ်းပိတ်ဆို့တာတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။
လှိုင်သာယာ၊ ရွှေလင်ဗန်း စက်မှုဇုန်အနီး နေထိုင်သူတဦးက “ညနေပိုင်း အလုပ်ဆင်းလာတဲ့ စက်ရုံဖယ်ရီကားတွေပါ မချန်ဘူး စစ်နေတာ။ ယောက်ျားလေးတွေပါတဲ့ ဖယ်ရီကားတွေကို အဓိကစစ်တယ်။ အိတ်တွေထဲ မွှေနှောက်ရှာတယ်။ အလုပ်ဆင်းချိန်ဆိုတော့ ကားတွေပိတ်တာမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နဲ့ဆက်ထားတဲ့ မြစ်ကူးတံတားတွေမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စောင့်ဆိုင်းစစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောင်ဇေယျတံတားအဆင်း၊ တစ်ထိပ်မှတ်တိုင်အနီး နေထိုင်သူတဦးက “စစ်ဆေးရေးတွေက ဒီရက်ပိုင်းထဲ ပိုစိတ်နေတယ်။ အာဇာနည်နေ့ ကပ်လာလို့လား မပြောတတ်ဘူး။ ကားကိုရပ်ခိုင်းပြီး ဘယ်သွားမှာလဲ၊ ဘယ်မှာနေတာလဲ မေးတာကြုံရတယ်” လို့ ပြောပါတယ်။
အဲဒီလို စစ်ဆေးမှုတွေ ရှိနေတာကြောင့် မြို့ခံတွေအနေနဲ့ အပြင်ထွက်ရင် လက်ကိုင်ဖုန်းတွေကို သတိထားယူကြရပြီး စစ်ဆေးတဲ့နေရာတွေကို ရှောင်ကွင်းသွားရတာမျိုး ရှိနေတယ်လို့ ပြောပါတယ်။