တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၆၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံဘဲ လာရာလမ်းသို့ ပြန်လှည့်စေခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ကို ကိုးကားပြီး AFP သတင်းမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA)တို့အကြား အပစ်အခတ်ရပ်စဲမှု အဆုံးသတ်ခဲ့ပြီး နိုင်ငံရဲ့ အနောက်ဘက် နယ်စပ်တလျောက်မှာ တိုက်ပွဲဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်သို့ ထွက်ပြေးလေ့ရှိပြီး စစ်ကောင်စီ စီစဉ်ပေးတဲ့ လေယာဉ်တွေနဲ့ နေရပ်သို့ ပြန်ပို့ မခံရခင်မှာ အဲဒီနိုင်ငံတွေမှာ ရက်အတော်ကြာ ဒါမှမဟုတ် ရက်သတ္တပတ်အတော်ကြာ ခိုလှုံကြလေ့ရှိပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှေ ၂ စင်းနဲ့ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆၆ ဦးထက်မနည်းကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ဟန့်တားခဲ့ပြီး ချက်ချင်း ပြန်လှည့်ခိုင်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်တဲ့ ကော့စ်ဘဇားခရိုင်၊ တက်ခ်နက်မြို့ ကောင်စီဝင် မူဂျီဘာရာမန်က ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို ကိုယ်တိုင်ဓာတ်ပုံရိုက်ကူးခဲ့သူ သတင်းထောက်တစ်ဦးက "BGP တပ်ဖွဲ့ဝင်တွေက လှေနှစ်စင်းနဲ့ တက်ခ်နက်မြို့မှာရှိတဲ့ ဆိပ်ခံတံတားအနီးကို ရောက်လာခဲ့ကြတာ။ သူတို့ထဲက တချို့ဆို အင်္ကျီတောင် မပါဘူး။ အဲဒါ ကမ်းခြေစောင့်တပ်ဖွဲ့က ဟန့်တားပြီး ညပိုင်းမှာ ပြန်လှည့်ခိုင်းခဲ့တာ”လို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ ဘက်ကတော့ တစုံတရာ မှတ်ချက်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှ AA က မြို့သိမ်းတိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ အသာစီးရနေသလို မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် ဖိအားတွေ ပိုမို မြင့်တက်စေခဲ့ပါတယ်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ တိုက်ပွဲတွေပိုမို ပြင်းထန်လာတာကြောင့် သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်အားလုံးကို ရပ်နားထားတယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ ပါတယ်။
ဘင်္ဂလားဒေ့ရှ် ထိပ်တန်း အစိုးရ တာဝန်ရှိသူတဦးရဲ့ AFP သတင်းဌာနကို ပြောကြားချက်အရ အခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ ၈၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
အဲဒီထဲက ၇၅၀ ကျော်ကို မြန်မာဘက် ပြန်လည်လွှဲအပ်ခဲ့ပြီးဖြစ်ကာ တခြားနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်ကိုလည်း နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Source: AFP