Home
မြန်မာသတင်း
ကျိုက်ထိုတွင် မူးယစ်ဆေးဝါးစီမံချက်ဖြင့် ‌လူငယ် ၂၀ ကျော် ဖမ်းဆီးခံရ
DVB
·
July 17, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင် ၇ ရက်ကစပြီး ဒီနေ့အထိ မူးယစ်ဆေးဝါးစီမံချက်နဲ့ ဒေသခံ ၂၀ ကျော်ကို ဖမ်းမိထားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေ များလာတယ်ဆိုပြီး မြို့ခံတချို့က‌ တိုင်တန်းမှုကြောင့် ပြည်နယ်အဆင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတာဝန်ရှိသူတွေက လာရောက်ပြီး ဖမ်းဆီးခဲ့တာပါ။

ရဲစခန်းနဲ့ နီးစပ်သူတဦးက “မြို့ခံတချို့က‌ မြို့ထဲမှာ မူးယစ်ဆေးသုံးသူများပြီး ခိုးမှုတွေ ခဏခဏဖြစ်လာလို့ အပေါ်ကိုတိုင်တာ။ ၇ ရက်နေ့ကစပြီး အပေါ်ကဆင်းလာပြီး ဖမ်းတာ ၂၀ ကျော်လောက် ဖမ်းမိထားပြီးပြီ။ ပထမစစချင်း ၃ ရက်လောက်မှာတည်းက ၁၀ ယောက်ကျော်လောက် ဖမ်းမိတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ အကုန်လုံးဟာ သုံးစွဲသူ လူငယ်တွေဖြစ်ကြပြီး ရောင်းဝယ်သူတွေ တဦးမှ မပါဘူးလို့ ဒေသခံ‌တဦး‌က ပြောပါတယ်။

“ဖမ်းခံရတာက သုံးတဲ့သူတွေချည်းပဲ။ ရောင်းဝယ်တဲ့ ဒိုင်တွေ၊ အကောင်ကြီးတွေ တယောက်မှမပါဘူး။ ကျိုက်ထိုမှာက ဆေးခြောက်၊ မြင်းဆေး၊ WY၊ အာဆီယံအပြင် တခြားဟာတွေလည်း အကုန်ရတာ။ မူးယစ်ဆေးဝါးတွေကို လမ်းဘေးမှာပဲ ပေါ်တင်ချကြတာ။ ‌ခနခန လာဆင်းဖမ်းတယ်၊ ဖမ်းတိုင်းမှာလည်း သုံးတဲ့သူတွေချည်းပဲ။ ဒီ‌တခေါက် ဖမ်းခံရတာ လူငယ်အများစုပဲ။ တချို့ဆို အသက်တောင်မပြည့်သေးဘူး။”

မူးယစ်ဆေးရောင်းချသူတွေကို ပြည်နယ်အဆင့်က လာရောက်ဖမ်းမှာဖြစ်တဲ့အတွက် ရောင်းချမှုကို ခနနားပြီး သိုသိုသိပ်သိပ်နေကြဖို့ ရဲတွေက ကြိုတင်သတင်းပေးတဲ့အတွက် မူးယစ်ဆေးရောင်းချသူတွေ ရှောင်တိမ်းချိန်ရလိုက်ကြောင်း နီးစပ်သူတဦးထံက သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာရှိတဲ့ မူးယစ်ဆေးသုံးစွဲသူတွေနဲ့ PDF တွေကို ဖမ်းဖို့အတွက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မြို့တွင်း လမ်းထောင့်တွေမှာ စစ်‌ဆေးနေသလို ရဲကား ၃ စီးနဲ့လည်း ကင်းလှည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် အပါအဝင် စစ်ကောင်စီက မူးယစ်ဆေး အသိပညာပေး ဆွေးနွေးပွဲတွေ မကြာခဏ ပြုလုပ်လေ့ရှိပေမဲ့ အောက်ခြေတာဝန်ရှိသူတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ သူတို့ကိုယ်တိုင် မူးယစ်ဆေးရောင်းချသူတွေထဲမှာ ပါဝင်နေတဲ့အတွက် သုံးစွဲမှု လျော့ကျသွားတာ မရှိဘူးလို့ မြို့ခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024