မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာရှိတဲ့ တံတားတစင်း မိုင်းခွဲခံရတာကြောင့် တံတားတစင်းလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်မှာရှိတဲ့ တံတားတစင်း ဇူလိုင် ၁၆ ရက် ည ၁၁ နာရီလောက်က မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစင်းလုံး ပျက်စီးခဲ့ပြီး ယာဉ်တွေသွားလာလို့ မရတော့တာကြောင့် ကုန်စည်လမ်းကြောင်း ပြတ်တောက်ခဲ့ပါတယ်။
သထုံဒေသခံတဦးက “ည ၁၁ နာရီလောက်မှာ မိုင်းပေါက်ကွဲသံ ကြားရတာ။ ဒီဘက်မှာက အမြဲကြားနေကြဆိုတော့ ဘာဖြစ်လဲ သေချာမသိပေမဲ့ တံတားအချိုးခံရတယ်ဆိုတာ ထင်နေတယ်။ မနက်ကျမှ မေးကြည့်တော့ တံတားအချိုးခံနေရတယ်ဆိုတာ ဖြစ်တယ်။ ဘာလို့ထင်လဲဆိုရင် မနေ့ညနေတည်းက ရေပြွန်ကိုချိုးနေတာ မကျိုးသွားတော့ တံတားကို ချိုးမယ်ဆိုတာ သိနေပြီ။ တံတားတစင်းလုံး လုံးဝကျိုးသွားပြီး ဘာကားမှ သွားလို့မရတော့ဘူး” လို့ ပြောပါတယ်။
ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ တံတားတစင်းလုံး အချိုးခံရတဲ့အတွက် ကားသေးတွေအနေနဲ့ ရွာချင်းဆက်လမ်းမပေါ်ကနေ သွားနေပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကရင်လေးဆိပ်ကျေးရွာရှိ တံတားအချိုးမခံရစဉ် ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီလောက်က ကျိုက္ကော်မြို့၊ မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ အရင်မိုင်းခွဲခံရတဲ့ တံတားနေရာမှာ တာရေပြွန်ထည့်ပြီး မြေသားဖို့ကာ ကတ္တရာခင်းထားတဲ့ နေရာကို မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး မြေသားထုထည်ကြောင့် မပျက်စီးခဲ့ပေမဲ့ ယာဉ်ဖြတ်သန်းမှုကို တနာရီလောက် ပိတ်ခဲ့ရပါတယ်။
တံတားမိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး KNU/KNLA နဲ့ သထုံခရိုင် PDF တာဝန်ခံကို မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေ ၁၁ ရက်က ဘီးလင်းမြို့နယ်၊ ရေွှရောင်ပြကျေးရွာရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို မေ ၂၃ ရက်ကလည်း မစောတံတား ထပ်မံမိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး အရပ်သားတဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။