Home
မြန်မာသတင်း
ဘဏ်တွင် ငွေပမာဏများများထုတ်ရခက်နေသဖြင့် အပြင်ဆိုင်များ၌ ရာခိုင်နှုန်းပေး ထုတ်ယူနေရ
DVB
·
July 16, 2024

မြန်မာပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ လက်ရှိငွေပြန်ထုတ်ယူတာ ရနေပေမဲ့ ပမာဏများများထုတ်ရင်တော့ ခက်ခဲနေတဲ့အတွက် အပြင်ဆိုင်တွေမှာ ရာခိုင်နှုန်းများများပေးပြီး ငွေထုတ်ယူနေရတယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်တွေကြီးတွေကို ဖမ်းဆီးအရေးယူလိုက်တဲ့ နောက်ပိုင်းမှာ ပြည်သူတွေက စိုးရိမ်ပူပန်ပြီး ဘဏ်အပ်ငွေတွေကို ပြန်ထုတ်တာတွေရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘဏ်တွေမှာ ငွေထုတ်ဖို့ အခက်အခဲတွေကြုံခဲ့တာပါ။

ဇူလိုင် ၁၅ ရက်ကစပြီး ဘဏ်တွေမှာ ငွေပြန်ထုတ်ယူတာရနေပေမဲ့ ငွေပမာဏအများကြီး ထုတ်မရတာ၊ သိန်း ၂၀၀ နဲ့ အထက်ငွေထုတ်ယူရင် ငွေသုံးစွဲမယ့် အကြောင်းပြချက်တွေ တောင်းခံတာ စတဲ့ အချက်တွေကြောင့် ပြည်သူတွေက ပြင်ပက နီးစပ်ရာတွေမှာ  ရာခိုင်နှုန်းတွေနဲ့ ငွေလဲနေကြရပါတယ်။

ဘဏ်အကောင့်ထဲက ငွေထုတ်ဖို့ ၁၀ ရာခိုင်နှုန်းထိ တောင်းခံကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။

“ရိုးမအကောင့်ကနေ တခြားအကောင့်ထဲ လွှဲတဲ့အချိန်မှာ ပိုက်ဆံကတော့ ဖြတ်သွားတယ်။ တဖက် အကောင့်ကို ဝင်မသွားဘူး။ အဲတာကနေစပြီးဖြစ်တာ၊ ခုနောက်ဆုံးအခြေအနေကတော့ မနေ့က တနင်္လာနေ့မှာ ဘဏ်သွားတော့ ဘဏ်မှာသိန်း ၂၀၀ ထုတ်လို့ရတယ်။ ထုတ်လို့ရတဲ့ ပိုက်ဆံတွေကလည်း တသောင်းတန်အသစ်တွေ ဖြစ်တယ်။ အမေက အလုပ်ကိစ္စတခု စရံတွေဘာတွေချထားပြီး ထပ်ပြီးငွေက အရေးတကြီးလိုတော့ နီးစပ်ရာ မေးကြည့်တော့ ၁၀ ရာခိုင်နှုန်း  တောင်းတယ်ပေါ့၊ အာ့လောက် ပမာဏ များတယ်ဆိုရင် သူတို့ဆီမှာရှိဖို့ မရှိဖို့ မသေချာဘူ။ တရက်နှစ်ရက်နေရင်ပြန်ပြောမယ်တဲ့။  ဒါပေမဲ့  ၁၀ ရာခိုင်နှုန်းတော့ ပေးရမယ်ပေါ့၊ အခုလို ကိုယ့်ပိုက်ဆံကိုယ်ထုတ်မရဘဲ ပူပင်သောက ရောက်တယ် ပြဿနာတွေ အများကြီးကြုံရတယ်။ ဘဏ်တွေပေါ်မှာတော့ ယုံကြည်မှုက အများကြီး  လျော့သွားတယ်။”

ဒါ့အပြင် ဘဏ်တွေမှာ တန်းစီစောင့်ဆိုင်းရတဲ့ အချိန်ကြာမြင့်လွန်းတဲ့အတွက်လည်း သာမာန်ပြည်သူတွေအနေနဲ့ ပြင်ပက ဆိုင်တွေမှာ ထုတ်ယူနေတာလို့ သိရပါတယ်။

ငွေပမာဏများတဲ့ လုပ်ငန်းရှင်ကြီးတွေကိုတော့ ပြီးခဲ့တဲ့ ရက်တွေကတည်းက ကျပ် ၁၀၀၀၀ တန် အသစ်တွေ ထုတ်ပေးနေခဲ့တာလို့  ရန်ကုန်မြို့က လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

“ဖောက်သည်တွေ ကိုယ့်ကို အလုပ်လာအပ်တဲ့သူတွေ သူတို့ပိုက်ဆံပေးတာတော့ ဘဏ်ကနေ ထုတ်လာကြတာ အသစ်တွေချည်းပဲ။ အဲဒီအသစ်ဆိုတာက အခုမှတော့မဟုတ်ဘူး ကြာပြီ။ ဒီလူတွေကိုပဲ ပေးတာမဟုတ်ဘူး၊ အရင်ထဲက လုပ်ငန်းရှင်တွေကို ပေးရင် သိန်းအများကြီးထုတ်ရင် အသစ်တွေပဲ ထုတ်ပေးတာကြာပြီ။ ကျနော့်ဆီကို ရောက်ရောက်နေတာ အသစ်တွေ ကြာပြီ။ သူများတွေ ပြောသလိုမျိုး ခုမှ ရိုက်ပြီးထုတ်တာလားတော့ မသိဘူး။ ဘဏ်တွေကို ဗဟိုဘဏ်ကပဲ ထုတ်ချေးတာလား ထုတ်ပေးတာလားတော့မသိဘူး။ အခုမှ အသစ်တွေပိုပြီး ‌တွေ့နေရတာ။”

မိုဘိုင်းငွေကြေးတခုဖြစ်တဲ့ KBZpay အကောင့်တွေကနေလည်း လိုသလောက် ငွေထုတ်ယူ လို့မရဘဲ အနည်းဆုံး ၁ ရာခိုင်နှုန်းကနေ အများဆုံး ၃ ရာခိုင်နှုန်းထိ ပေးထုတ်နေရပြီး တချို့ဆိုင်တွေဆို ငွေထုတ်မပေးတော့ကြောင်း ခရမ်းမြို့နေ ပြည်သူတဦးက ပြောပါတယ်။

“တချို့ဆိုင်တွေဆို ထုတ်မပေးဘူး။ K-Pay သွင်းရင်တော့ ရတယ်၊ ထုတ်ရင်မရဘူး။ တော်တော် ရင်းနှီးတဲ့ ဆိုင်တွေဆိုရင်တော့ ထုတ်ပေးတယ်။ အရင်က K-Pay က ဘယ်လောက်မှ မပေးရဘူးလေ။  တသိန်းမှ ၂၀၀ တို့ ၄၀၀ တို့ အများဆုံး ၅၀၀ပဲ။  အခု တချို့ဆိုင်တွေဆို တသိန်းကို တထောင်၊ တချို့ မသိတဲ့ဆိုင်တွေမှာထုတ်ရင် ၂၀၀၀ တွေ ၃၀၀၀ တွေ အာ့မျိုးတွေဖြစ်နေတယ်။ ဈေးက အစားစားပဲ၊ တောင်းချင်သလိုလည်း တောင်းနေကြတာ၊ တသိန်း နှစ်သိန်းပဲ များများထုတ်ရင်လည်းမရပြန်ဘူး၊ ဆိုင်ခွဲပြီး ထုတ်ရတယ် တဆိုင်မှာ တသိန်း နှစ်သိန်းပဲ။”

ပြည်သူတွေအနေနဲ့က ဘဏ်လုပ်ငန်းရှင်တွေ ဖမ်းဆီးခံရတဲ့သတင်းကြောင့် ဘဏ်တွေ ပြိုလဲမှာ စိုးရိမ်နေတာမျိုးရှိပေမဲ့ ကာလတိုတခုအတွင်းမှာ ဘဏ်တွေပြိုလဲဖို့ အခြေအနေမရှိသလို စစ်ကောင်စီဘက်ကလည်း အခြေအနေမကောင်းတဲ့ ပုဂ္ဂလိက ဘဏ်တွေကို ပြိုလဲခွင့်ပြုမှာ မဟုတ်ဘူးလို့ စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက ကျပ်သိန်း ၂၀၀ နဲ့ အထက်ငွေထုတ်ရင် ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုဖို့ ထုတ်ပြန်ပြောဆိုထားပြီး ဗဟိုဘဏ် ဒု- ဥက္ကဋ္ဌကတော့ ဘဏ်တွေရဲ့ ငွေသားလိုအပ်ချက်ကို ဗဟိုဘဏ်က  လုံလောက်အောင် ဖြည့်ဆည်း ထုတ်ပေးထားပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013